အက်ဒ်ဝပ်၊ ဇွန် ၁၆

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း အက်ဒ်ဝပ် လေတပ် အခြေစိုက်စခန်းကနေ အမေရိကန် လေတပ် B-52 ဗုံးကြဲ လေယာဉ် ပျံတက်ပြီး ချက်ချင်း ပျက်ကျသွားတာကြောင့် ဘိုးရင်း ကုမ္ပဏီ ဝန်ထမ်း ၂ ဦး အပါအဝင် လိုက်ပါသူ ၈ ဦးစလုံး သေဆုံးသွားပါတယ်။

ဇွန် ၁၅ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၂၀ မိနစ်မှာ စမ်းသပ် ခရီးစဉ်အဖြစ် ထွက်ခွာချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျမှုကြောင့် ကောင်းကင်ပေါ်ကို အနက်ရောင် မီးခိုးလုံးကြီး မြင့်တက်သွားပြီး မိုင်ပေါင်းများစွာအကွာက မြင်တွေ့ခဲ့ရပါတယ်။

ဒီကနေ့မှာ အက်ဒ်ဝပ် လေတပ် အခြေစိုက်စခန်းအနေနဲ့ ဆိုးရွားတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်နဲ့ ကြုံခဲ့ရပြီး ကြီးကျယ်တဲ့ အမေရိကန် နိုင်ငံသား ၈ ဦးကို ဆုံးရှုံးခဲ့ရပါတယ်လို့ ဗိုလ်မှူး ဂျိမ်းစ် ဟေယက်စ်က ပြောပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေဟာ စစ်ဖက်ဆိုင်ရာ ဝန်ထမ်းတွေ၊ အစိုးရ အရပ်သား ဝန်ထမ်းတွေ၊ အစိုးရ ငှားရမ်းထားသော ဝန်ထမ်းတွေ ပါဝင်ကြောင်း ဗိုလ်မှူးက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်နိုင်မယ့်သူ တစ်ယောက်မှ မရှိဘူးလို့ လေတပ် အခြေစိုက်စခန်းက စောစောပိုင်းကတည်းက ပြောထားပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်ကို အဲဒီ လေတပ် အခြေစိုက်စခန်း ပြေးလမ်းထဲမှာပဲ လုံးဝ ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ဗိုလ်မှူး ဂျိမ်းစ် ဟေယက်စ်က ဆိုတာပါ။

အဲဒီ B-52 လေယာဉ်ဟာ လေတပ် အခြေစိုက်စခန်းအတွက် ရေဒါစနစ် ခေတ်နဲ့တပြေးညီ ဖြစ်ရေး စီမံကိန်းအတွက် ထောက်ပို့ လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို မစစ်ဆေးရသေးဘဲ ရက်ပေါင်း ၃၀ လောက်ကြာမြင့်နိုင်တဲ့ စုံးစမ်းစစ်ဆေးမှုတွေ အများကြီး ပြုလုပ်ပြီးတော့မှ အဖြေ ထွက်ပေါ်လာဖွယ် ရှိပါတယ်။

သီးခြား ထုတ်ပြန်ချက်တစ်ရပ်မှာ ဘိုးရင်းကုမ္ပဏီက သူတို့ရဲ့ ဝန်ထမ်း ၂ ဦး အဲဒီ လေယာဉ် ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်းနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဆီ အကြောင်းကြားထားကြောင်း ဖော်ပြထားပါတယ်။

နောက်ထပ် အသေးစိတ် အခြေအနေကို သိရဖို့ ဘီဘီစီသတင်း ဌာနက အဲဒီလေကြောင်း ကုမ္ပဏီကြီးဆီ ဆက်သွယ်ရာမှာ ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

ဘိုးရင်း ကုမ္ပဏီထုတ် B-52 Stratofortress လေယာဉ်အမျိုးအစားကို ၁၉၅၀ ပြည့်နှစ်တွေ ကတည်းက အမေရိကန် စစ်တပ်က အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပျက်ကျမှု ဖြစ်ခဲ့တဲ့ လေတပ် အခြေစိုက် စခန်းကို စောစောပိုင်းမှာ ခေတ္တ ပိတ်ထားခဲ့ပြီး အဝင်အထွက် လေယာဉ် အားလုံးကို ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

B-52 လေယာဉ်တွေဟာ တာဝေးဗုံးကြဲ လေယာဉ်တွေ ဖြစ်ပြီး လက်ရှိ အီရန်ကို ဗုံးကြဲ တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဉ်တွေ ဖြစ်ပါတယ်။

စီးပွားဖြစ် ပြေးဆွဲတဲ့ လေယာဉ်တွေဟာ ပေပေါင်း ၃၅၀၀၀ အထိပဲ ပျံသန်းနိုင်ပြီး B-52 ကတော့ ပေပေါင်း ၅၀၀၀၀ အထိ ပျံသန်းနိုင်ကာ ပစ္စည်း အလေးချိန် ပေါင် ၇၀၀၀၀ အထိ တင်ဆောင်နိုင်ပါတယ်။

ပုံမှန် အသုံးပြုနေကျ ဗုံး ရာပေါင်းများစွာနဲ့ နျူကလီးယား ပဲ့ထိန်း ဒုံးကျည် ၃၂ လုံးအထိ သယ်ဆောင်နိုင်ပါတယ်။

ဒီလေယာဉ် အမျိုးအစားဟာ ပျံသန်းနေရင်းနဲ့ လောင်စာ ဖြည့်တင်းနိုင်ပြီး တိုက်ခိုက်နိုင်မှု အတိုင်းအတာက အကန့်အသတ် မရှိဘူးလို့ ဆိုပါတယ်။

ဒီလို လေယာဉ် အမျိုးအစားတွေမှာ လေယာဉ် ဝန်ထမ်း ၅ ဦးပဲ လိုက်ပါလေ့ရှိပြီး လေယာဉ်ကို အမိန့်ပေးသူ အရာရှိ၊ လေယာဉ်မှူး၊ ရေဒါ ထိန်းချုပ်သူ၊ အီလက်ထရွန်နစ် ပစ္စည်း ကျွမ်းကျင်သူ အရာရှိနဲ့ လမ်းကြောင်း ကျွမ်းကျင်သူတွေပဲ လိုက်ပါလေ့ရှိတာ ဖြစ်ပါတယ်။

အပ်ဒ်ဝပ် လေတပ် အခြေစိုက်စခန်းဟာ လော့စ်အိန်ဂျယ်လိစ်မြို့ မြောက်ဖက် မိုင် ၁၀၀ အကွာ မိုဂျာဗီ ကန္တာရထဲမှာ တည်ရှိတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.