တိုရွန်းတိုး၊ ဇွန် ၁၅

ကနေဒါအသင်းယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလား ပထမဆုံးပွဲကို သွားမကြည့်ဘဲ ချစ်သူ အဆိုတော် ကေတီပယ်ရီရဲ့ ဖျော်ဖြေပွဲကို သွားရောက်ပြီး အနမ်းပန်းခြွေခဲ့တဲ့ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင် ထရူးဒိုးလ်က ဝေဖန်မှုတွေကို ပယ်ချပြီး ဒါဟာ ချစ်သူကောင်လေး တစ်ယောက်ရဲ့ တာဝန်ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

ပေါ့ပ်ဂီတ ကြယ်ပွင့် ကေတီပယ်ရီ ဖျော်ဖြေနေချိန် ဝန်ကြီးချုပ်ဟောင်း သွားရောက်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား ဖွင့်ပွဲ အခမ်းအနားတွေကို တိုရွန်တိုနဲ့ လော့စ်အိန်ဂျယ်လိစ်မြို့မှာ နာရီပိုင်းခြားပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ချစ်သူနဲ့အတူ ဘီယာသောက်ရင်း ကြည်နူးနေခဲ့တဲ့ ထရူးဒိုးလ်ကို ကနေဒါ နိုင်ငံသားတွေက မကျေနပ်ကြောင်း လူမှုမီဒီယာတွေမှာ ရေးသား ဖော်ပြထားကြပါတယ်။

လူမှု မီဒီယာသုံးသူ တစ်ဦးရဲ့ မှတ်ချက်မှာ ဒါဟာ ကျွန်တော်တို့ရဲ့ မိခင်နိုင်ငံကို ပါးရိုက်လိုက်တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်အောက်မှာ သူ့ကို နိုင်ငံတော် သစ္စာဖောက်လို့ ခေါ်ဝေါ်ထားသူ ရှိသလို လူလိမ်လို့ ခေါ်ထားသူတွေလည်း ရှိပြီး အွန်လိုင်းပေါ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ ကိုယ့်နိုင်ငံ ကိုယ့်မြို့မှာ ကနေဒါနဲ့ ဘော့စနီးယား ၁ ဂိုးစီ သရေကျတဲ့ ပွဲကို မကြည့်ဘဲ ချစ်သူနဲ့ သွားတွေ့ခဲ့တာ ဖြစ်ပါတယ်။

သူက အမေရိကန်က ပါရာဂွေးကို နိုင်တဲ့ ကမ္ဘာ့ဖလားပွဲကို သွားကြည့်နေခဲ့တာ ဖြစ်ပါတယ်။

ပယ်ရီက အဲဒီပွဲမှာ လူသိသိပ်မများတဲ့ Wonder ဆိုတဲ့ သူ့ရဲ့ ၂၀၂၄ အယ်လ်ဘန်ထဲကသီချင်းကို ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ဇူလိုင်လကတည်းက သူတို့နှစ်ဦး ချစ်ကြိုက်နေကြောင်း အတည်ပြုခဲ့တာဖြစ်ပြီးတော့ ဒီဇင်ဘာလမှာ တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ထရူးဒိုးလ်ဟာ ရုပ်သံ အစီအစဉ် တင်ဆက်သူ ဆိုဖီ ဂရိုဂရီနဲ့ အိမ်ထောင်သက် ၁၈ နှစ် ရှိခဲ့ပြီး၂၀၂၃ ခုနှစ်မှာနှစ်ဦးသား လမ်းခွဲကြောင်း ကြေညာခဲ့တာပါ။

အဆိုတော် ကေတီမှာလည်း ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ အိမ်ထောင်ရှိခဲ့ပြီးတော့ ဝန်ကြီးချုပ်ဟောင်းမှာလည်း သားသမီး ၃ ဦး ရှိပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.