ဝါရှင်တန်၊ ဇွန် ၁၆

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် လက်မှတ်ရေးထိုးထားတဲ့ အီရန် ငြိမ်းချမ်းရေး သဘောတူညီမှုအရ ဟောမု့ဇ် ရေလက်ကြားကနေ သင်္ဘောတွေ ဖြတ်သန်းခ ပေးစရာမလိုဘဲ လွတ်လပ်စွာ ခုတ်မောင်းသွားလာနိုင်တော့မှာ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ဇွန် ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

အီရန်အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေ မရရှိခင် သူတို့ရဲ့ ကတိတွေ အတိုင်း လိုက်နာရမှာ ဖြစ်တယ်လို့ ထရန့်က ပြောထားပါတယ်။

သဘောတူညီချက်တွေမှာ အီရန်နိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် ဒေါ်လာ ၃၀၀ ဘီလီယံ ထောက်ပံ့ပေးရေး အချက်လည်း ပါဝင်ပေမယ့် စွမ်းဆောင်ရည်တွေကို ကြည့်ပြီးတော့မှ ထောက်ပံ့မှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဒေါ်နယ် ထရန့်၊ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘက်တို့ ဇွန် ၁၄ ရက်က အဲဒီ သဘောတူညီမှုကို အွန်လိုင်းက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်လို့ အကြီးတန်း အစိုးရ အရာရှိ တစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီ သဘောတူညီချက်ကို ဆွစ်ဇာလန်နိုင်ငံမှာ တရားဝင် လက်မှတ် ရေးထိုးသွားမှာ ဖြစ်ကြောင်း ထရန့် အစိုးရ အရာရှိတွေက ဆိုပါတယ်။

လက်မှတ်ရေးထိုးပွဲသို့ ဒုသမ္မတ ဗန့်စ်၊ ထရန့်ရဲ့သမက် ဂျာရက် ကူရှ်နာ၊ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အထူး ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဗ်တို့ တက်ရောက်သွားမယ်လို့ သိရပါတယ်။

ထရန့်ဟာ ပြင်သစ်မှာ G7 ညီလာခံ တက်ရောက်ဖို့ ရှိနေတာကြောင့် အီရန်နဲ့ နားလည်မှု စာချွန်လွှာပါ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဇွန် ၁၉ ရက် လက်မှတ်ရေးထိုးမှုအပြီးမှာ သဘောတူညီမှုပါ အချက်အလက်တွေကို ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း ထရန့်က ပြောထားပါတယ်။

အသေးစိတ် အချက်အလက်တွေကို လက်မှတ်ရေးထိုးပြီး ၂၄ နာရီကနေ ၄၈ နာရီအတွင်း ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း၊ အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ဦးစားပေး ညှိနှိုင်းသွားမှာ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ ကမ္ဘာ့လောင်စာ ပြဿနာ ဖြစ်ပေါ်စေတဲ့ ဟောမု့ဇ် ရေလက်ကြား ပိတ်ဆို့ထားမှုက အမေရိကန်အတွက် ချက်ချင်း အရေးယူ ဆောင်ရွက်စရာ ကိစ္စ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အမေရိကန် ဒုသမ္မတကတော့ ဟောမု့ဇ် ရေလက်ကြားကို သင်္ဘောတွေ အခကြေးငွေ ပေးစရာ မလိုဘဲ ရေရှည် ဖြတ်သန်းနိုင်ရေး အီရန်နဲ့ သဘောတူထားတယ်လို့ CNBC သတင်းဌာနသို့ ပြောပါတယ်။

အရေးကြီးတဲ့ ရေလက်ကြားကို ဇွန် ၁၉ ရက်မှာ ပြန်ဖွင့်မယ်လို့ ထရန့်ကိုယ်တိုင်က ပြောထားပေမယ့် မိုင်းတွေ မရှိစေရေး သေချာအောင် လုပ်ဆောင်ရဦးမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဖြတ်သန်းခအနေနဲ့ ကောက်ခံမှာ မဟုတ်ဘဲ ဝန်ဆောင်ခ တောင်းခံမှာ ဖြစ်တယ်လို့ ဇွန် ၁၅ ရက်က ပြောပါတယ်။

အီရန်ရဲ့ သိမ်းဆည်းခံထားရတဲ့ ငွေကြေးတွေ၊ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ရေးစတဲ့ ကိစ္စတွေ အပါအဝင် အဆိုပါ သဘောတူညီမှုနဲ့ ပတ်သက်လို့ မရေရာ မသေချာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.