ဘန်ကောက်၊ ဇွန် ၁၆

မြန်မာနိုင်ငံက စစ်ဘေးရှောင်လာသူတွေအနေနဲ့ ထိုင်းနိုင်ငံရှိ ပြည်နယ် ၄၃ ခုမှာပဲ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ MOU အခြေခံပြီး အတည်ပြုပြီးသား အရည်အချင်းရှိ အလုပ်တွေ တစ်စိတ်တစ်ပိုင်း အရည်အချင်းရှိ အလုပ်တွေပဲ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း ထိုင်းဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာန DOPA က ကြေညာပါတယ်။

ထိုင်းမှာ အလုပ်လုပ်ဖို့ ခိုလှုံလာသူတွေအနေနဲ့ မြန်မာနိုင်ငံကနေ တရားဝင် ထွက်ခွာသူတွေ ဖြစ်ရမယ်လို့လည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလုပ်အတွက် ယာယီ နေထိုင်ခွင့် ပြုထားတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ ထိုင်းပြည်သူတွေက မေးခွန်းထုတ်ပြီးနောက်မှာ အခု မူဝါဒ အပြောင်းအလဲကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေဟာ ၁၉၈၄ ခုနှစ် ကတည်းက ထိုင်းနိုင်ငံကို အနောက်ဖက် နယ်စပ်ကနေ ဝင်ရောက်နေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ ထိုင်း အရာရှိတွေက ပြောပါတယ်။

သူတို့ကို မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေလို့ ထိုင်းအစိုးရက ညွှန်းဆိုပြီး ၁၉၇၉ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရက ပြည်နယ် လေးခုမှာ ဖွင့်လှစ်ထားတဲ့ ခိုလှုံရေး စခန်း ၉ ခု နေထိုင်ခွင့်ပြုပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီနဲ့ ယာယီ နေထိုင်ခွင့် ပေးထားပါတယ်။

အဲဒီ စခန်း ၉ ခုမှာ လောလောဆယ် နေထိုင်သူ ၇၇၃၀၅ ဦး ရှိကြောင်း ထိုင်း အစိုးရ စာရင်းတွေအရ သိရပါတယ်။

ယာယီ ခိုလှုံရာ နေရာတွေအတွက် အမေရိကန်က ထောက်ပံ့ကြေး ဖြတ်တောက်လိုက်ပြီးနောက်မှာ မြန်မာနိုင်ငံက တိမ်းရှောင်လာသူတွေကို ယာယီ အလုပ်လုပ် ခွင့် ပေးထားတာ ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြည်သူတွေကို ရှင်းပြထားပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဒေသတွင်းမှာပဲ နေထိုင်ရမှာ ဖြစ်ပြီး တခြားသို့ ပြောင်းရွှေ့မယ်ဆိုရင် ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်တယ်လို့ DOPA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref:TheNation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.