သရက်ချောင်း၊ ဇွန် ၁၆
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာနဲ့သိမ်ကုန်းကျေးရွာကြားမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇွန် ၁၅ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က ဝင်းဝစခန်းမှာ တပ်စွဲထားတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ မင်းဒပ်ရွာကနေ သိမ်းကုန်းရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။
အချိန် နှစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ မင်းဒပ်ရွာကို စစ်ကြောင်းပြန်ဆုတ်သွားပြီး ဝင်းဝစခန်းကနေလည်း လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။
နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မင်းဒပ်၊ သစ်တိုကုန်း၊ သိမ်ကုန်းအပါအဝင် ကျေးရွာ လေးရွာက ဒေသခံပြည်သူ ထောင်ချီ ၁၀၀၀ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

