ချောင်းနှစ်ခွ၊ ဇွန် ၁၅

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်အများစု ၂ နှစ်ကျော်ကြာတဲ့အထိ ပြန်မပြင်နိုင်သေးဘူးလို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ချောင်းနှစ်ခွ ဒေသခံတွေဟာ ကုန်ပစ္စည်း ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာ၊ စစ်အစိုးရဆီက အကူအညီတွေ မရတာကြောင့် နေအိမ် ပြန်ဆောက်ဖို့ အခက်ကြုံနေရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ချောင်းနှစ်ခွ တိုက်ပွဲအတွင်း နေအိမ် ၇၀၀ ကျော် ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ နေအိမ်၂၀၀ လောက်ကလည်း တိုက်ပွဲအတွင်း မီးလောင်ပျက်စီးမှုတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲအတွင်း ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးသွားတာကြောင့် နေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ဖြုတ်ယူရောင်းစားခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာ ချောင်းနှစ်ခွကျေးရွာက ဒေသခံ ၃၀ ရာခိုင်နှုန်းလောက်သာ နေရပ်ပြန်လာ နေထိုင်ကြပေမယ့် အများစုဟာ နေထိုင်ဖို့ နေရာစရာ မရှိတာ၊ လုံခြုံရေး စိုးရိမ်တာကြောင့် နေရပ်မပြန်နိုင်ကြသေးပါဘူး။

ပြီးခဲတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ချောင်းနှစ်ခွရဲစခန်း တိုက်ပွဲကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာခံခဲ့ရပြီး ဒေသခံပြည်သူ ၃၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ရပါတယ်။

ချောင်းနှစ်ခွကျေးရွာကို စစ်ကော်မရှင်တပ်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားပေမယ့် ဒေသခံအများစုကတော့ တိုက်ပွဲအတွင်း ကျန်ရှိခဲ့တဲ့ မိုင်းတွေကြောင့် နေရပ်ပြန်ဖို့ စိုးရိမ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.