မော်လမြိုင် ၊ ဇွန် ၁၆

မွန်ပြည်နယ်မှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဌာနဆိုင်ရာ စီမံကိန်း လုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က ဝေဖန်လိုက်ပါတယ်။

ဇွန် ၁၅ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှာ တင်ဒါ စည်းကမ်းချက် ထုတ်ပြန်ရာမှာ သေချာမှန်ကန်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ပတ်သက်ပြီး မေးခွန်း မေးမြန်းရာမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

ဦးသန့်ဇင်က ပြည်နယ်အတွင်း နိုင်ငံတော် ခွင့်ပြုချက် ရန်ပုံငွေတွေနဲ့ တည်ဆောက်ရတဲ့ လမ်းတံတား၊ အဆောက်အဦး တွေနဲ့ ပတ်သက်ပြီး တင်ဒါ ခေါ်ယူတဲ့နေရာမှာ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကန့်သတ်ချက်တွေဟာလည်း ကွဲပြား နေတယ်လို့ ဆိုပါတယ်။

တချို့ တင်ဒါ စည်းကမ်းချက်တွေဟာ လုပ်ငန်းရှင်ကြီးတွေကိုသာ လုပ်ကိုင်စေပြီး ဒေသခံလုပ်ငန်းငယ် လုပ်ကိုင်သူတွေကို ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် ကန့်သတ်ထားတာ၊ ငွေကြေးဖိအားနဲ့ လက်ဝါးကြီးအုပ် အနိုင်ယူတာတွေကို တွေ့နေရတယ်လို့ ပြောပါတယ်။

လက်ရှိ ဌာနဆိုင်ရာတချို့ရဲ့ တင်ဒါတွေဟာ ရည်ညွှန်းချက် တိချမှု မရှိတဲ့ စည်းကမ်း သတ်မှတ်ချက်တွေ၊ လိုတစ်မျိုး မလိုတစ်မျိုး ပြုပြင် ပြောင်းလဲတဲ့ စည်ကမ်း သတ်မှတ်ချက်တွေကြောင့် တင်ဒါ ယှဉ်ပြိုင်မှုကို မမျှမတ ဖြစ်စေတယ်လို့ ဦးသန့်ဇော်က ဆိုပါတယ်။

စည်းကမ်းချက် မသေချာမှုကြောင့် မိမိအကျိုးစီးပွားအတွက် မိမိနဲ့ အဆင်ပြေတဲ့ ကုမ္ပဏီတွေကို အားသာချက်တွေ ရရှိ စေသလို မိမိအကျိုး စီးပွားနဲ့ အဆင်မပြေ မပေးလိုတဲ့ ကုမ္ပဏီတွေအတွက် အခက်အခဲနဲ့ လုပ်ငန်းဆုံးရှုံးမှုတွေ ဖြစ်စေတယ်လို့ ပြောပါတယ်။

စစ်အစိုးရဲ့ ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး နိုင်လယိတမကတော့ တင်ဒါခေါ်ယူရာမှာ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက် အမှတ် ၁/၂၀၁၇၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကော်မတီရဲ့ ညွှန်ကြားချက် အမှတ် ၁/၂၀၂၂နဲ့ အညီ တင်ဒါ ကော်မတီ ၄ ရပ် ဖွဲ့ စည်းပြီး တင်ဒါ စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တင်ဒါတွေကို ဖွင့်ဖောက် ရွေးချယ်တဲ့အခါမှာ တင်ဒါ လုပ်ငန်း တစ်ခုလုံးကို ကြီးကြပ်ဖို့အတွက် တင်ဒါ ကော်မတီ ၄ ရပ် ဖွဲ့စည်းထားပြီး အဲဒီထဲက အဓိက ကျတဲ့ တင်ဒါကော်မတီမှာ သက်ဆိုင်ရာ ဝန်ကြီး ကိုယ်တိုင် ဦးဆောင်ပြီး စိစစ် နေသလို စိစစ်ရွေးချယ်ထားသူကိုလည်း ဦးစားပေးအလိုက် ပြည်နယ်အစိုးရက ထပ်မံ စိစစ် ရွေးချယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးသန့်ဇော်ကတော့ တင်ဒါအောင်မြင်သွားတဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေနဲ့ လုပ်ငန်း ပြီးစီးမှု အခြေအနေတွေကို ပြည်သူလူထုက အလွယ်တကူ သိရှိနိုင်ဖို့အတွက် တင်ပြပေးဖို့ ရှိမရှိ ဆက်စပ် မေးမြန်းရာမှာတော့ ဝန်ကြီးက မြို့နယ်တွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိတာကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက် စစ်ဆေးနိုင်တယ်လို့ ပြောပြီး ပြည်သူကို ချပြဖို့ ပြောဆိုခဲ့တာ မရှိပါဘူး။

လက်ရှိ တင်ဒါ လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် စီမံကိန်း လုပ်ငန်းတွေရဲ့ စံချိန်စံညွှန်း အရည်အသွေးပိုင်း တွေမှာ အရည်အသွေး ညံ့ဖျင်းတာ၊ အားနည်းချက်တွေ ဖြစ်ပေါ်လာမှာ ဖြစ်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ တင်ဒါ စည်းကမ်းချက်တွေကို ပြန်လည် စိစစ်သင့် တယ်လို့ ဦးသန့်ဇော်က ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က နှစ်အလိုက် ဌာနဆိုင်ရာတွေရဲ့ စီမံကိန်း လုပ်ငန်း တွေကို ပြည်သူတွေ သိရှိအောင် ထုတ်ပြန်တာရှိတဲ့အပြင် တင်ဒါ လုပ်ငန်းတွေကိုလည်း ပွင့်လင်း မြင်သာစွာ ချပြခဲ့ပေမယ့် အာဏာသိမ်း ပြီးနောက် ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြတာ မရှိတော့ပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.