နေပြည်တော် ၊ ဇွန် ၁၆
မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဘဏ္ဍာငွေဖြည့်တင်းပေးနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ သဘာဝဓာတ်ငွေ့သိုက်သစ်ကို စစ်အစိုးရက ရှာဖွေတွေ့ရှိထားပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ အကောင်အထည်ဖော်နေပါတယ်။
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနက်ပိုင်းဒေသထဲက တည်ရှိတဲ့ ဧရာဝတီကမ်းလွန်ဒေသနဲ့ တနင်္သာရီကမ်းလွန်ဒေသမှာ ကြီးမားတဲ့ သဘာဝဓာတ်ငွေ့ ခိုအောင်းမှုတွေ ရှိနေတယ်လို့ စစ်အစိုးရက ဇွန် ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဘူမိဗေဒသပညာရှင်တွေက ပင်လယ်ရေအောက်မှာ တည်ရှိနေတဲ့ သဲကြောတွေကို 3D Seismic ပြုလုပ်ပြီး ရရှိလာတဲ့ အချက်အလက်တွေနဲ့ စမ်းသပ်တူးဖော်ခဲ့တဲ့ ရှာဖွေရေးတွင်းတွေရဲ့ ရလဒ်တွေကို အခြေပြုကာ အတည်ပြုကြတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဖော်ဆောင်နေတဲ့ ကမ်းလွန်စီမံကိန်း ၄ ခုရှိပြီး အခုအခါ စီမံကိန်းအသစ် ၄ ခုကို ထပ်မံဖော်ဆောင်နိုင်ဖို့ လုပ်ဆောင်ရာမှာ ဧရာဝတီကမ်းလွန်လုပ်ကွက်နဲ့ တနင်္သာရီကမ်းလွန်လုပ်ကွက် စီမံကိန်းတွေကနေ ကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက်ကို တွေ့ရှိခဲ့တာပါ။
ဧရာဝတီကမ်းလွန်စီမံကိန်းဟာ သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံ ကုဗပေအထိ ထွက်ရှိဖို့ အလားအလာရှိတဲ့ ဓာတ်ငွေ့သိုက်ဖြစ်ပြီး လက်ရှိမှာ အစမ်းတွင်းနဲ့ အတည်ပြုတွင်းတွေ တူးဖော်ကာ စီးပွားဖြစ် ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် တနင်္သာရီကမ်းလွန်စီမံကိန်းကလည်း သဘာဝဓာတ်ငွေ့ ၉၅ ထရီလီယံ ကုဗပေခန့် ထွက်ရှိနိုင်ပြီး အစမ်းတွင်းတွေ ဆက်လက်တူးဖော်မှာဖြစ်လို့ ဓာတ်ငွေ့ခိုအောင်းနေမှုပမာဏကို တိကျသေချာစွာ သိရှိရင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ဖို့ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
သဘာဝဓာတ်ငွေ့အရင်းအမြစ်တွေဟာ နိုင်ငံအတွက် ဝင်ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ပေးနိုင်မှာဖြစ်သလို ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မယ့် အရေးပါတဲ့ ပိုင်ဆိုင်မှုတစ်ရပ်လို့ စစ်အစိုးရက ဝါဒဖြန့်ထားတာပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သယံဇာတတွေကနေ ရရှိတဲ့ အကျိုးအမြတ်တွေဟာ ပြည်သူကို အကျိုးပြုဖို့ထက် စစ်အစိုးရ သက်တမ်းရှည်ဖို့ အထောက်အကူပြုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မြန်မာပြည်ကကျတော့ သယံဇာတကျိန်စာပဲ ပြောရမှာပေါ့။ အခုနောက်ပိုင်းတော့ မြေရှားတို့ ဘာတို့လည်း ပိုရတာပေါ့ဗျာ။ တကယ်တမ်းကျတော့ သယံဇာတကျိန်စာဟာ သယံဇာတကနေပြီးတော့ ရတဲ့ဟာတွေက (ဝင်ငွေအကျိုးအမြတ်) ပြည်သူ့အကျိုးပြုတဲ့ ပညာရေး၊ ကျန်းမာရေးအတွက် သုံးတာ မဟုတ်ဘူး။ စစ်တပ်ရဲ့ လက်နက်တပ်ဆင်ရေး နောက်တခါ ပြည်သူလူထုကို ဖိနှိပ်ရေးယန္တရားတွေမှာ သုံးတဲ့အတွက် သယံဇာတတွေကတော့ လောလောဆယ် စစ်အုပ်ချုပ်ရေးအောက်မှာ ပြည်သူကို အကျိုးပြုဖို့ထက် စစ်အစိုးရ သက်တမ်းရှည်ဖို့ အများကြီး အထောက်အကူပြုပါတယ်။အဲဒီအတွက်ကိုလည်း ကျွန်တော်တို့အနေနဲ့ စိုးရိမ်မှုတွေ ရှိတယ်”လို့ ဆိုပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ BMC ကလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကနေ ရရှိတဲ့ နိုင်ငံခြားဝင်ငွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကို ဒေါ်လာသန်းပေါင်းများစွာ ပံ့ပိုးပြီး သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ရေးအတွက် ထောက်ပံ့ပေးနေတာလို့ ဇွန် ၁၁ ရက်နေ့က အာဆီယံလူ့အခွင့်အရေးဆိုင်ရာအစိုးရအဖွဲ့ AICHR ကို ပေးပို့တဲ့ တိုက်တွန်းစာမှာ ဖော်ပြထားတာပါ။
အာဆီယံအခြေစိုက် ကော်ပိုရိတ်အဖွဲ့အစည်းတွေက စစ်အုပ်စုရဲ့ လေကြောင်းစစ်ဆင်ရေးတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ထောက်ပံ့နေမှုအပေါ် အဖွဲ့ဝင်နိုင်ငံတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ BMC က တိုက်တွန်းထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်နဲ့ ဆွစ်ဇာလန် အပါအဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂရဲ့ ဥရောပဘုံဈေးကွက်အဖွဲ့က အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
ဒီအတွက်ကြောင့် ငွေကြေးစီးဆင်းမှုတွေ ကုန်သွယ်မှုတွေ ခရီးသွားလာခွင့်တွေအပေါ် သက်ရောက်မှုရှိပေမယ့် မိတ်ဖက်နိုင်ငံတွေဆီက လေယာဉ်ဆီ အပါအဝင် စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေကိုတော့ စစ်အုပ်စုက ဆက်လက်ရရှိနေတာပါ။
တစ်ဘက်မှာတော့ အသွင်ပြောင်းအစိုးရအဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်း မိုးကုတ်ရတနာမြေကနေ ပတ္တမြားတုံးကြီး တစ်လုံး တူးဖေါ်ရရှိမှု အပါအဝင် ၂၀၂၀ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အရွယ်အစားကြီးမားတဲ့ နီလာအရိုင်တုံးနဲ့ နီလာပုံဆောင်ခဲတို့ကို ရရှိထားတယ်လို့ စစ်အစိုးရက ဓာတ်ပုံနဲ့တကွ ဝါဒဖြန့်ချီထားပါသေးတယ်။
လေ့လာသူတွေကတော့ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေက သူတို့အုပ်ချုပ်မှုကောင်းလို့ တွင်းထွက်ပစ္စည်းတွေ ရှာတွေ့တဲ့ ပုံစံမျိုးနဲ့ ပုံဖော်နေကြပေမယ့် သံယံဇာတတွေဟာ စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

