ရေး၊ ဇွန် ၁၆

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာသစ် ရေး-ထားဝယ်လမ်းပေါ်မှာ လမ်းဘေးရပ်ထားတဲ့ ကားကို ရဲကား ဝင်တိုက်သွားတာကြောင့် ရဲတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ ရေးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် နှစ်ဦး မောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဉ်ဟာ ဖြစ်စဉ်နေရာအရောက်မှာ လမ်းဘေးရပ်ထားတဲ့ ရော်ဘာသစ်လုံးတင်ယာဉ်ကို နောက်ကနေ ဝင်တိုက်ခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် ရဲတပ်သားတစ်ဦးဟာ အခင်းဖြစ်ရာ နေရာမှာတင် သေဆုံးသွားပြီး နောက်တစ်ဦးကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ရေးမြို့ကနေ မလွှဲတောင်ဘက်ကို မောင်းနှင်လာတဲ့ ရဲကား ဟိုက်ဂျက်ယာဉ်ဟာ လုံခြုံရေးစိုးရိမ်တဲ့အတွက် အရှိန်ပြင်း မောင်းနှင်မှုကြောင့် စလစ်ဖြစ်ပြီး ရော်ဘာသစ်လုံးတင်ယာဉ်ကို ဝင်တိုက်မိသွားတာလို့ မျက်မြင်တွေက ဆိုကြပါတယ်။

ဒီယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ရော်ဘာသစ်လုံးတင်ယာဉ်မောင်းကို ရဲဘက်က ပြဿနာ ရှာနေတာကြောင့် ယာဉ်ပိုင်ရှင်ဘက်က လိုက်လံဖြေရှင်းပေးနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.