မော်လမြိုင်၊ ဇွန် ၁၆

မွန်ပြည်နယ်အတွင်းမှာ စက်သုံးဆီ ဈေးနှုန်း ကျဆင်းရေးအတွက် နည်းလမ်းများ ရှာကြံပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် စစ်အစိုးရရဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဇေယျာဦးက ပြောပါတယ်။

မနေ့ ဇွန် ၁၅ ရက်နေ့က ကျင်းပပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ စက်သုံးဆီ ဈေးနှုန်း ကျဆင်းရေးနဲ့ပတ်သက်ပြီး ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။

မေးခွန်းရှင်က မွန်ပြည်နယ်ဟာ ပြည်နယ်နဲ့ကပ်လျှက်ရှိတဲ့ ပဲခူး၊ ကရင်၊တနင်္သာရီအပါအဝင် တိုင်းနဲ့ပြည်နယ်တို့နဲ့ နှိုင်းယှဉ်ရင် စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်ဒဏ်ကို ခံစားနေရပြီး တန်းတူအခွင့်အရေး ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။

တခြားတိုင်းနဲ့ပြည်နယ်တို့ထက် စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်နေတာကြောင့် နိုင်ငံ့ဝန်ထမ်းတွေအပါအဝင် ပြည်သူအားလုံး ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ စားဝတ်နေရေး ကျပ်တည်းကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ မေးခွန်းရှင်က ထောက်ပြထားပါတယ်။

ဝန်ကြီး ဦးဇေယျာဦးကတော့ အရှေ့လယ်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်မှု မရှိအောင် ဆောင်ရွက်နိုင်ခဲ့သလို စက်သုံးဆီ ဈေးနှုန်း ကျဆင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

မွန်ပြည်နယ်ရဲ့ စက်သုံးဆီဈေးနှုန်းဟာ 92 ဓာတ်ဆီ တစ်လီတာ ကျပ် ၄၁၂၅ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၄၂၀၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာကို ကျပ် ၅၀၉၅ ကျပ် ပေါက်ဈေးရှိနေတာ ဖြစ်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် တစ်လီတာကို ကျပ် ၁၃၀ ကနေ ကျပ် ၃၀၀ နီးပါး ဈေးနှုန်း ကွာဟနေတာပါ။

စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုဟာ မွန်ပြည်နယ်မှာ စက်သုံးဆီ တင်သွင်းသိုလှောင်ခွင့် ရရှိထားတဲ့ ရာဇာမင်းကုမ္ပဏီနဲ့ Myanmar Energy King ကုမ္ပဏီတို့က နိုင်ငံတော်မှ စက်သုံးဆီလုပ်ငန်းအတွက် နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်ထောက်ပံ့မှုကို မယူဘဲ သူတို့ကုမ္ပဏီတွေရဲ့ အစီအစဉ်နဲ့ နိုင်ငံခြားငွေ ရှာပြီး ဆောင်ရွက်သွားမယ်ဆိုတဲ့ ဝန်ခံကတိပြုမှုကြောင့် ဖြစ်ပါတယ်။

မေးခွန်းရှင်ကတော့ စက်သုံးဆီ ဈေးနှုန်း ကျဆင်းရေးအတွက် စက်သုံးဆီ တင်းသွင်းဝယ်ယူမှုကို မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံးပေါ်ဆိပ်ကမ်းအစား ရန်ကုန် သီလဝါဆိပ်ကမ်းကနေ ပြန်လည်ဝယ်ယူခွင့်ရရှိရေး ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရ ဝန်ကြီး ဦးမင်းဇေယျာဦးကတော့ စက်သုံးဆီ မပြတ်လပ်ရေး အထူးအလေးထား ဆောင်ရွက်နေတာကြောင့် ရန်ကုန် သီလဝါဆိပ်ကမ်းကနေ စက်သုံးဆီ ပြန်လည်ဝယ်ယူရေး အစီအစဉ် မရှိသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.