မော်လမြိုင် ဇွန် ၁၆

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နဲ့ Myanmar Women in Media (MWiM) တို့ဟာ မြန်မာလွတ်လပ်သော မီဒီယာအသိုက်အဝန်းအတွင်း ဖြစ်ပေါ်နေတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ကာကွယ်တားဆီးပြီး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ကာ နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို မေ ၃၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုဟာ အထူးသဖြင့် ပြည်ပအခြေစိုက် မြန်မာလွတ်လပ်သော မီဒီယာတွေထဲမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ကာကွယ်ဖို့၊ အသိပညာပေးဖို့နဲ့ တိုင်ကြားလာတဲ့ ဖြစ်ရပ်တွေကို တုံ့ပြန်ကိုင်တွယ်နိုင်မယ့် စနစ်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

MOU လက်မှတ်ရေးထိုးပွဲကို IPCM ဥက္ကဋ္ဌ ဦးကိုကိုဇော်၊ MWiM တည်ထောင်သူ ဒေါ်တင်ဇာအောင်နဲ့ အဖွဲ့အစည်းနှစ်ခုက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နှစ်ဖက်အဖွဲ့အစည်းတွေက မီဒီယာလောကအတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေ၊ ဆွေးနွေးပွဲတွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူထားပါတယ်။

ဒါ့အပြင် သတင်းမီဒီယာဌာနတွေမှာ PSHEA (Prevention of Sexual Harassment, Exploitation and Abuse) Policy လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ ခေါင်းပုံဖြတ်မှုနှင့် အလွဲသုံးစားမှုများ ကာကွယ်ရေးမူဝါဒကို လက်ခံကျင့်သုံးလာနိုင်ဖို့ အသိပညာပေးခြင်းနဲ့ တိုက်တွန်းဆွေးနွေးခြင်း လုပ်ငန်းတွေကိုလည်း အတူတကွ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေ ရရှိလာတဲ့အခါ ဒါမှမဟုတ် လူအများစိတ်ဝင်စားတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာတဲ့အခါ IPCM၊ MWiM နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု တုံ့ပြန်ရေးအဖွဲ့ “Sexual Harassment Response Team” ကို ဖွဲ့စည်းပြီး ဖြစ်စဉ်တစ်ခုချင်းစီကို ပူးပေါင်းဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.