လောင်းလုံး၊ ဇွန် ၁၇

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းကစလို့ စပ်ပြဲကျေးရွာထဲကို အင်အား ၁၇၀ လောက်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ တစ်နေ့ကုန်နီးပါးကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင် လေးဦး အလောင်းရရှိခဲ့ပြီး သေနတ် တစ်လက်အပါအဝင် ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

မြေပြင်တိုက်ပွဲမှာ ပါဝင်တဲ့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူအများစုကို အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည်ကောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ စပ်ပြဲကျေးရွာအတွင်းက နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိမှာလည်း ကျေးရွာအနီးပတ်ဝန်းကျင်မှာ ဆက်လက်တပ်စွဲထားတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် စပ်ပြဲ၊ ညှင်းမော်နဲ့လေးသွန်းခံကျေးရွာတို့က ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

အင်အား ၁၇၀ လောက်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇွန် ၂ ရက်နေ့ကစလို့ စပ်ပြဲကျေးရွာနဲ့ညှင်းမော်ကျေးရွာတို့ကို တလှည့်စီသွားလာနေထိုင်ပြီး စစ်ရေးလှုပ်ရှားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.