မော်လမြိုင် ၊ ဧပြီ ၂၄

မွန်ပြည်နယ်မှာ အခုလအတွင်း အပူချိန် မြင့်မားနေမှုကြောင့် မွေးမြူရေးလုပ်ငန်းတွေအတွင်း မွေးမြူထားတဲ့ တိရစ္ဆာန်တွေ သေဆုံးမှုတွေ ရှိလာတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွေးမြူရေး လုပ်ငန်းတွေက တိရစ္ဆာန်တွေ ဖြစ်တဲ့ ကြက်၊ ဝက်နဲ့ ဘဲတွေဟာ အပူချိန် ပြင်းထန်မှုကြောင့် ဦးနှောက် သွေးကြောပြတ်ပြီး သေးဆုံးတာ ရှိသလို တချို့ ငါးမွေးမြူရေး ကန်တွေမှာလည်း အပူချိန် မြင့်တက်ပြီး ကန်ရေပူကာ ငါးတချို့ သေဆုံး နေတာပါ။

ဒါ့အပြင် လက်ရှိ ပူပြင်းတဲ့ ရာသီမှာ တိရစ္ဆာန်တွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေ ဈေးနှုန်း ကြီးမြင့်နေတာကြောင့် အရင်လို မတိုက်ကျွေးနိုင်တဲ့အတွက် သေဆုံးတာရှိတဲ့အပြင် စက်သုံးဆီ အခက်အခဲကြောင့်လည်း ရေလုံလောက်အောင် မသွင်းနိုင်တဲ့ အတွက် သေဆုံးတာတွေ ရှိနေပါတယ်။

မွေးမြူရေး လုပ်ငန်းရှင် တစ်ဦး ကတော့ အပူချိန် ပြင်းထန်မှုကြောင့် တချို့ ကြက်ခြံတွေမှာ ဦးနှောက် သွေးကြောပြတ်ပြီး ၄၀ ရာခိုင်နှုန်းအထိ သေဆုံးတာ တွေ့ရသလို တချို့ ဝက်ခြံ တွေမှာလည်း အပူချိန်ကြောင့် အပြင်းဖျားပြီး ရုတ်တရပ် သေဆုံးတာတွေ တွေ့နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နည်းနည်းတော့ ထိန်းသိမ်းရ မွေးမြူရ ခက်တဲ့ ကာလပေါ့။ရေလည်း ခမ်းတယ်။ရေလည်း နည်းတယ်။ နောက်တစ်ခုက ဦးနှောက် သွေးကြောပြတ်တာကို ကြောက်ရတယ်။တချို့ ခြံတွေဆို ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း အထိ သေတဲ့ ခြံတွေလည်း ရှိတယ်၊ ဝက်တွေကလည်း ဒီလို အပူရှိန် ပြင်းတဲ့ ကာလမှာ ဝက်အပြင်းဖျား ရောဂါ အဲဒီလိုမျိုး ရုတ်တရပ် သေဆုံးတာ မျိုးတွေတော့လည်း တွေ့ရတယ်”လို့ ဆိုပါတယ်။

အပူချိန်ဆက်လက် ပြင်းထန်နေတာကြောင့် မွေးမြူရေး သမားတွေအနေနဲ့ တိရစ္ဆာန်တွေကို သတိထား ပြုစုရမယ့် အချိန် ကာလ ဖြစ်ပြီး သတိထား မပြုစုပါက သေဆုံးနှုန်းတွေ မြင့်တက်ပြီး ဆုံးရှုံးမှု များနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသတွင်းမှာ မွေးမြူရေးလုပ်ငန်းတွေဟာ သွင်းအားစု စရိတ် ကြီးမြင့်တာ၊ ဆေးဝါး ကုန်ကျစရိတ် မြင့်မားတာ၊ သယ်ယူပို့ဆောင်ရေး စရိတ် ကြီးမြင့်တာအပြင် ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်တာတွေကြောင့် အရင်လို အများအပြား မမွေးမြူ ကြတော့ဘဲ တက်နိုင်သလောက်သာ မွေးမြူကြတော့တာပါ။

မွန်ပြည်နယ်မှာတော့ မွေးမြူရေး လုပ်ငန်းတွေ အနေနဲ့ ကြက်၊ ဝက်၊ ဘဲနဲ့ ငါး မွေးမြူရေး လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပြီး ဆိတ်၊ နွားနဲ့ ငုံး မွေးမြူရေး လုပ်ငန်း တွေကိုတော့ တစ်နိုင်တစ်ပိုင် မွေးမြူတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.