နေပြည်တော် ၊ ဧပြီ ၂၄
နိုင်ငံတော်အကြီးအကဲရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတနေရာကို အာဏာသိမ်းမှုကနေ အရင်းခံပြီး ရယူထားတဲ့ ဦးမင်းအောင်လှိုင်က သူစိတ်ကြိုက်ရွေးချယ်ထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဩဇာလွှမ်းဖို့ လုပ်လာပြန်ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ သမ္မတနဲ့ သမ္မတရုံးတို့ကို အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဘက်ပေါင်းစုံကနေ လေ့လာသုံးသပ်အကြုံပြုနိုင်ဖို့ သမ္မတရုံးဝန်ကြီး ဦးတင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဧပြီ ၂၂ ရက်နေ့က ကြေညာပါတယ်။
ရေတပ်ချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်းဟာ လက်ရှိ စစ်တပ်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပို့ဆောင်ရေးဝန်ကြီးဖြစ်သလို စစ်ကော်မရှင်လက်ထက်မှာလည်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ဝန်ကြီး ဖြစ်ခဲ့သူပါ။
CDM တပ်အသိုင်းအဝိုင်းကတော့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးကို တမင်ဖန်တီးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတကနေ ဩဇာလွှမ်းမိုးလို့ရတဲ့ အနေအထားမျိုး လုပ်လာတာလို့ သုံးသပ်ကြပါတယ်။
လက်ရှိ အနေအထားမှာ တပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စစ်တပ်နဲ့ ပတ်သက်ပြီး မူဝါဒသစ်တွေ ချမှတ်တာတွေ မရှိသေးဘဲ အရင်တပ်ချုပ်ဟောင်း ဦးမင်းအောင်လှိုင် အကောင်အထည်ဖော်ခဲ့တဲ့ လမ်းစဉ်ကိုပဲ ဆက်လုပ်နေရတဲ့ အခြေအနေပါ။
ဒါ့အပြင် သမ္မတရဲ့ သဘောထားပေါ်မူတည်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးစီမံတွေကို လိုက်ပါလှုပ်ရှားရမယ့် အခြေအနေမျိုးလို့ CDM တပ်အသိုင်းအဝိုင်းနဲ့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။
တပ်ချုပ်ကိုယ်တိုင်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနိုင်ဖို့ တာဝန်ထမ်းဆောင်သွားမယ်လို့ တပ်ချုပ်တာဝန်လွှဲပြောင်းလက်ခံတဲ့ အခမ်းအနားမှာ ပြောကြားထားတာပါ။
ဧပြီ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မကွေးတပ်နယ်မှာရှိတဲ့ အရာရှိစစ်သည်မိသားစုတွေနဲ့ တွေ့ဆုံချိန်မှာ တပ်ချုပ်ဟောင်းလိုမျိုး လက်ရှိ ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ရေးအရ ဘယ်လိုတန်ပြန်မယ်ဆိုတဲ့ ကြွေးကြော်သံတွေ ပြောသွားတာ မတွေ့ရပါဘူး။
ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ နိုင်ငံကို လုံခြုံစွာ ကာကွယ်နိုင်ဖို့ စစ်ရေးစွမ်းရည် ထက်မြက်ရေး၊ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရေး၊ အုပ်ချုပ်ရေးစွမ်းရည်၊ စစ်ပညာရဲ့ အမိန့်နာခံတပ်မှု ၊ တပ်တွင်းမိသားစုတွေရဲ့ ပညာရေးနဲ့ သက်သာချောင်ချိရေး စတဲ့ ကိစ္စရပ်တွေကိုသာ ပြောဆိုခဲ့တာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က လောလောဆယ်မှာ တပ်ချုပ်ရဲ့ အခန်းကဏ္ဍဟာ သိပ်မရှိဘဲ အာဏာရှင် သမ္မတရဲ့ စိတ်ကြိုက် ထိန်းချုပ်ကွပ်ကဲမှုကို နာခံရတဲ့ အနေအထားမျိုးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုလောဆယ်မှာ ရဲဝင်းဦးက ကြောင်ပျောက်ပြီးတော့ တိုင်ပတ်နေတာပေါ့။ သူ့အခန်းကဏ္ဍသိပ်မရှိဘူး။ လွှတ်တော် ဒါမှမဟုတ် သမ္မတရုံး အစိုးရအဖွဲ့ကနေ ညွှန်ကြားတဲ့အတိုင်း စစ်ရေးဖော်ဆောင်မှုတွေကို လိုက်လုပ်ရမယ့် ပုံစံမျိုးပဲ။ ဒါက တကယ်တမ်းဆိုရင် ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ ၊ လွှတ်တော်သာ ဖြစ်မယ်ဆိုရင်တော့ ဒီအခင်းအကျင်းက တော်တော်လေး ကောင်းတယ်။ ဒါပေမယ့် ဒီဟာက မင်းအောင်လှိုင်က အခု သူ့စိတ်ကြိုက် သူက အာဏာရှင်ဆိုတော့ အရပ်ဝတ်ပြောင်းလဲခဲ့ပေမယ့် တပ်ချုပ်ကို ကောင်းကောင်း အမြှီးလှန်ချိုးထားတဲ့ အနေအထားမျိုးလို့တော့ ပြောရမယ်”လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ဂ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်လို့ ဖော်ပြထားတာပါ။
ဒါကြောင့် လုံခြုံရေးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ဒီမိုကရေစီအစိုးရနှစ်ဆက်မှာ သမ္မတက တပ်ချုပ်ကို ကျော်ပြီး ဆုံးဖြတ်ချက် အမိန့်တွေ ချမှတ်လို့ မရနိုင်တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိ အာဏာသိမ်း သမ္မတ တပ်ချုပ်ဟောင်း ဦးမင်းအောင်လှိုင်ရဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရလက်ထက်မှာတော့ ပြောင်းပြန်ဖြစ်နေပါတယ်။
ဦးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ ကနဦးအနေနဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့ပြီး ၅ နှစ်အကြာမှာ တပ်ချုပ်ရာထူးကိုပါ စွန့်လွှတ်ခဲ့ပေမယ့် ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်းတွေမှာ စစ်တပ်အပေါ် အမိန့်ပေးစီးဆင်းမှုနဲ့ ဆက်လက် ညွှန်ကြားနေတာပါ။
အထူးသဖြင့် ဧပြီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပါဝင်ဖြေရှင်းနေရတာကြောင့် စွမ်းရည်နဲ့ စွမ်းအားတွေ မြှင့်တင်ရေးကို ဆက်လုပ်ရမယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာလည်း EAO တွေကို ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပြီး PDF တွေကို လက်နက်ချဖို့ ပြောဆိုမှုကလည်း မဖြစ်နိုင်တာတွေ တောင်းဆိုရင် လုပ်သင့်လုပ်ထိုက်တာ လုပ်ရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့သေးတာပါ။
ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သမ္မတတာဝန်ကို ထမ်းဆောင်နေသူတစ်ယောက်ရဲ့ ပြောဆိုမှုထက် စစ်တပ်ကို ဦးဆောင်သူ တပ်ချုပ်တစ်ယောက်ရဲ့ ပြောဆိုမှုမျိုးလို့ CDM တပ်အသိုင်းအဝိုင်းနဲ့ စစ်ရေးအကဲခတ်တွေက ဝေဖန်ကြပါတယ်။
တစ်ဘက်မှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေး ကိစ္စရပ်တွေကို အစိုးရထံ အကြံပေးဖို့ သမ္မတကနေ ဖွဲ့စည်းပေးထားတဲ့ အတိုင်ပင်ခံကောင်စီမှာ စစ်တပ်က ထိပ်ပိုင်းအရာရှိတွေကို ဦးဆောင်စေခဲ့တာပါ။
ဒါ့အပြင် အာဏာသိမ်း စစ်တပ်ရဲ့ အသွင်ပြောင်းထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ လွှတ်တော်သုံးရပ်ရဲ့ ထိပ်ပိုင်းရာထူးနေရာတွေမှာလည်း စစ်ဝတ်ကနေ အရပ်ဝတ်လဲတဲ့ စစ်အရာရှိဟောင်းတွေ ဦးဆောင်စေဖို့ ဦးမင်းအောင်လှိုင်ကိုယ်တိုင် စီမံထားတာ ဖြစ်ပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကတော့ ရွေးကောက်ခံအစိုးရသဖွယ် ပုံဖော်နေတဲ့ သမ္မတ မင်းအောင်လှိုင်အနေနဲ့ သူစေခိုင်းရာ နာတော်ခံမယ့် တပည့်ရင်း စစ်အရာရှိတွေနဲ့ပဲ အခြေပြုထားတာဟာ အာဏာကို အလုံးစုံ ချုပ်ကိုင်ထားနိုင်ဖို့ ရည်ရွယ်တာလို့ ထောက်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

