နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၈

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကနေ ပေါ်လာမယ့် စစ်တစ်ပိုင်းအစိုးရလက်ထက်မှာ စစ်မှုထမ်းအ ကျုံးဝင်တဲ့ လူငယ်တွေကို ကိုယ်ရေးအချက်အလက်တွေနဲ့ စနစ်တကျ စာရင်းသွင်းပြီး ဆင့်ခေါ်တဲ့ ပုံစံ လုပ်လာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်က တာဝန်ရှိသူတွေဟာ စစ်မှုထမ်းတပ်သားတွေကို မဲနှိုက်ရွေးချယ်တာ၊ အတင်းအဓ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ အ ကြောင်းပြချက်နဲ့ စစ်မှုထမ်းခိုင်းတာ၊ လူဌားရမ်းတာတွေနဲ့ ခေါ်ယူစုဆောင်းနေကြတာပါ။

စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ လူငယ်တွေဟာ အခြေခံစစ်ပညာသင်တန်းကျောင်းတွေမှာ ပို့ ဆောင်ခံရပြီး အဲဒီကနေ သင်တန်းဆင်းတပ်သားတွေဟာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်နဲ့အတူ ခုခံစစ်တွေမှာ လူသားဒိုင်းသဖွယ် တွန်းပို့ခံနေရပါတယ်။

ဒါ့အပြင် ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကနေ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ပို့ခံရသူတွေကို စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းနေသလို အဆမတန် ငွေကြေးတောင်းပြီး ပြန်ရွေးယူရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တစ်ဘက်မှာ စစ်မှုထမ်းအကျုံးဝင်တဲ့ အမျိုးသမီးစာရင်းတွေကိုလည်း မွန်ပြည်နယ် မော်လမြိုင်မြို့အပါအဝင် ရန်ကုန်နဲ့ အထင်ကရ မြို့ကြီးတွေမှာလည်း လိုက်လံကောက်ယူနေတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာပါ။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ချိုးဖောက်နေသလို စားဝတ်နေရေးနဲ့ ရှင်သန်ရေးအတွက် အကန့်အသတ်တွေ ဖြစ်လာတဲ့အတွက် မိသားစုပြိုကွဲမှုတွေ ပိုများလာတယ်လို့ ထောက်ပြပါတယ်။

တစ်ဘက်မှာ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ အစိုးရအနေနဲ့ စစ်မှုထမ်းတွေကို ဥပဒေကြောင်းအရ ဆင့်ခေါ်ပြီး ပျက်ကွက်ရင်တော့ အရေးယူလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက စစ်မှုထမ်းအကျုံးဝင်သူတွေကို ပုံစံပြောင်းပြီး ဆင့်ခေါ်လာနိုင်တာမို့ အရေအတွက်နဲ့ သင်တန်းကာလ အပိုင်းအခြားလည်း လျော့လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်မှုထမ်းတွေကို အခုလို ဥပဒေမဲ့ နည်းလမ်းပေါင်းစုံနဲ့ စုဆောင်းနေရတဲ့ ပုံစံထက်စာရင် စစ်မှုထမ်း ကိုယ်ရေးအချက်အလက်တွေကို စနစ်တကျ ဖြည့်သွင်းပြီးတော့မှ ဥပဒေကြောင်းအရ ဆင့်ခေါ်တဲ့ ပုံစံမျိုး ပြောင်းလဲသွားမယ်။ အဲဒီပုံစံတွေကို အခုကတည်းက ကြိုပြီးတော့ သူတို့က (စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့) တဆင့်ချင်း ပြင်နေခြင်းဖြစ်တယ်။ တပြိုင်နက်ထဲမှာပဲ ဒီပုံစံနဲ့အတူ တစ်ဘက်မှာ လစဉ် သင်တန်းသားအရေအတွက်တွေ လျော့ကျလာနိုင်တယ်။ ကျွန်တော်တို့ ယူဆတာတော့ အပတ်စဉ် ၂၄/၂၅ ဝန်းကျင်လောက် ဧပြီ၊ မေ နောက်ပိုင်းလောက်ကစပြီး သင်တန်းသား စုဆောင်းမှု အ‌ရေအတွက်တွေ လျော့ကျသွားနိုင်တယ်။ တစ်ဘက်မှာလည်း သင်တန်းကာလ တိုးမြှင့်ပေးတာ ဒါမှမဟုတ် သင်တန်းလကို ခြားတာမျိုး လုပ်ဆောင်လာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းဆင့်ခေါ်မှုနဲ့ပတ်သက်ပြီး စည်းကမ်းတကျ ဆင့်ခေါ်မှုကို အလေးထားဖို့ လမ်းညွှန်ထားကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။

ပြည်သူနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေ၊ မြို့နယ်အဖွဲ့တွေအနေနဲ့ ငွေကြေးဆိုင်ရာ မသမာမှုတွေ မရှိစေရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်မှုရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးဖို့ ညွန်ကြားထားတာပါ။

တစ်ဘက်မှာ လေ့ကျင့်ရေးသင်တန်းကျောင်းတွေဆီ မပို့ဆောင်မီ စုရပ်တွေအတွင်း အသက်မပြည့်သေးသူတွေ အသက်ကျော်လွန်သူတွေ တွေ့ရှိခဲ့ရလို့ ပြန်လည်စေလွှတ်ပေးခဲ့ရတာတွေ ရှိတာမို့ သေချာစိစစ်ပြီး ဆင့်ခေါ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယားမှန်ကန်ရေးနဲ့ ရေရှည်မှာ မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေဖို့ စစ်မှုထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် NSIMS ကို အကောင်အထည်ဖော်နေတယ်လို့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အစည်းအဝေးမှာ ထည့်ပြောသွားခဲ့တာပါ။

မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ကြံ့ခိုင်ရေးအစိုးရလက်ထက်မှာ စစ် မှုထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှု စနစ်တွေအပြင် PSMS စနစ်တို့ကို ပေါင်းပြီး လူငယ်တွေကို ပစ်မှတ်ထားတာတွေ ပိုဆိုးလာနိုင်တယ်လို့ ပြောပါတယ်။

“အဲဒါတွေနဲ့ (NSIMS စနစ်) တင်မကဘဲနဲ့ သူတို့ပြီးခဲ့တဲ့နှစ်က လုံးဝ စစ်တမ်းတွေကို Install လုပ်ထားပြီးတဲ့ PSMS (လူပုဂ္ဂိုလ်စိစစ်ရေးနဲ့စောင့်ကြည့်ရေး) စနစ် အဲဒီနှစ်ခု ပေါင်းပြီးတော့ အသေ အချာကို ပြည်သူလူထုကို အထူးသဖြင့် လူငယ်တွေကို ပစ်မှတ်ထားပြီး ကန့်သတ်မှုတွေ ပိတ်ပင်မှုတွေ နောက်တစ်ခုက ပွင့်ပွင်းလင်းလင်းပြောရရင် စာရင်းဇယားတွေ မကျန်ရလေအောင် စာရင်းထပ်တာမျိုး မရှိဘဲနဲ့ စစ်မှုထမ်းတဲ့ ကိစ္စကို လူငယ်တိုင်း လူငယ်တိုင်းစေ့ လုပ်နိုင်အောင် ရည်ရွယ် ချက်ဆိုးနဲ့ ဖိနှိပ်နေတဲ့ စနစ်တွေကို ကျင့်သုံးပြီး ချိုးဖောက်နေတာ ဖြစ်တယ်။ဆိုတော့ ဒီအတုအ ယောင်ရွေးကောက်ပွဲရဲ့ ရလဒ်ကို တည်ပြီးဖြစ်လာမယ့် ပြည်ခိုင်ဖြိုးအစိုးရသည်လည်း ဒီထက်ဆိုးလာနိုင်ဖွယ်ရှိတဲ့ ချိုးဖောက်မှုတွေကို လုပ်မယ်လို့ ကျွန်တော်တို့ တထစ်ချ ယူဆတယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းဆင့်ခေါ်စာရရှိတဲ့ လူငယ်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ထွေအုပ်ချုပ်ရုံးထံ မပျက်မ ကွက် သတင်းပို့ရမှာဖြစ်ပြီး ပျက်ကွက်ရင် စစ်မှုထမ်းဥပဒေနဲ့ အရေးယူခံရမယ်လို့ စစ်ကော်မရှင်ရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကနေ ပေးပို့ခဲ့တဲ့ ဆင့်ခေါ်စာမှာ ဖော်ပြထားတာပါ။

ဒါဟာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တိုင်း စစ်မှုထမ်းဖို့ သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေမှာ မဖြစ်မနေ အမည်စာရင်းသွင်းရမယ့် သဘောလို့ နားလည်ရပါတယ်။

အဲဒီကနေ ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်အတွင်း ထည့်သွင်းထားတာမို့ စစ်မှုထမ်းတိမ်းရှောင်ရင်တောင် ပြည်တွင်းက လေဆိပ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ အစစ်ခံရရင် တားဆီးခံရမယ့်အပြင် အဖမ်းခံရနိုင်တဲ့ အခြေအနေပါ။

စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ပြဌာန်းခဲ့ပြီး အာဏာသိမ်းမှုအတွင်း တပ်သားပြုန်းတီးမှုနဲ့ အင်အားချိနဲ့မှုတွေကြောင့် စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အဲဒီဥပဒေကို အသက်သွင်းခဲ့တာပါ။

အပတ်စဉ်တစ်ခုမှာ လူ ၅၀၀၀ နှုန်းခေါ်ယူဖို့ လျာထားတဲ့ စစ်တပ်အနေနဲ့ လက်ရှိအချိန်မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၂ အထိ ဖွင့်လှစ်လာနိုင်ခဲ့ပြီး တပ်အင်အား တစ်သိန်းကျော်အထိ ရရှိထားတာပါ။

ဒါကြောင့် လာမယ့် အစိုးရလက်ထက်မှာလည်း စစ်မှုထမ်းဥပဒေကို ပယ်ဖျက်မယ့် အရိပ်အယောင် မတွေ့ရဘဲ ဆက်လက်ခေါ်ယူသွားမယ့် အခြေအနေလို့ လေ့လာသူတွေက ဆိုပါတယ်။

စစ်ကော်မရှင်ကတော့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၉ အထိ သင်တန်းဆင်းခဲ့ပြီး လက်ရှိအချိန်မှာ အပတ်စဉ် ၃ ခု ကို ဖွင့်လှစ်နေကြောင်းနဲ့ နိုင်ငံကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပြီး ဥပဒေအရ အသက်သတ်မှတ်ချက်နဲ့ အကျုံးဝင်သူတွေကို ဆင့်ခေါ်နေတယ်လို့ အသိပေးထားတာပါ။

တစ်ဘက်မှာ စစ်မှုထမ်း ကင်းလွတ်ခွင့် လျှော့ပေါ့ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေကို စိစစ်ပြုနေကြောင်းနဲ့ အဲဒီရွှ့ဆိုင်းခွင့်ပြုခဲ့သူတွေကို မှတ်တမ်းသွင်းကာ ပြန်လည်ဆင့်ခေါ်မယ့်အချိန်မှာ ရာနှုန်းပြည့် ခေါ်ယူနိုင်ဖို့ လုပ်ဆောင်ရမယ်လို့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာပါ။ နည်းဥပဒေအရလည်း စစ်မှုထမ်းအကျုံးဝင်သူတွေကို ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့် ပိတ်ပင်ထားပါသေးတယ်။

ဒါဟာ လူငယ်တွေကို နိုင်ငံတွင်းမှာ ပိတ်လှောင်ပြီး တဖြည်းဖြည်းချင်း လူသားဒိုင်းပုံစံနဲ့ သတ်ကွင်းထဲကို ပို့‌ဆောင်နေတဲ့ အစီအစဉ်တစ်ရပ်သာဖြစ်တဲ့ ဥပဒေလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.