နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၅

အာဏာသိမ်းမှုကနေ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ စစ်တပ်ဟာ နိုင်ငံတော် သမ္မတရွေးချယ်ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး မကြာခင်မှာ လွှတ်တော်ခေါ်ယူတော့မယ့် လမ်းကြောင်းပေါ် စတင်ခြေလှမ်းလာနေပါပြီ။

လာမယ့် မတ်လ တတိယပတ်ကစပြီး တတိယကြိမ် သက်ဆိုင်ရာ လွှတ်တော်အလိုက် ပထမပုံမှန်အစည်းအဝေးကို တစ်ရက်ချင်းစီ ခြားပြီး ခေါ်ယူကျင်းပသွားမယ်လို့ စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ‌ရေးကောင်စီက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကြေညာခဲ့တာပါ။

ဒါကြောင့် လွှတ်တော်ကနေ သမ္မတ အပါအဝင် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးချယ်ခန့်အပ်မှာဖြစ်လို့ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်တဲ့ လွှတ်တော်အခင်းအကျင်းနဲ့ ဧပြီမှာ အစိုးရတစ်ရပ် ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဒီအပေါ် တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကောင်စီနဲ့ စစ်ကော်မရှင်တို့ကို နိုင်ငံရေး၊စစ်ရေးအရ ရင်ဆိုင်နေခဲ့ရာကနေ လူထုက မဲပေးရွေးချယ်ထားတယ်ဆိုတဲ့ ခေါင်းစဉ်အောက်က လွှတ်တော်နဲ့ အစိုးရကို ရင်ဆိုင်ရတော့မှာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က တော်လှန်ရေးအင်အားစုတွေအပေါ် အနည်းနဲ့အများ သက်ရောက်လာနိုင်တာမို့ အပြောင်းအလဲတွေကို ပြင်ဆင်ပြီး ဆက်လက်ရင်ဆိုင်သွားရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီအတုအယောင် ရွေးကောက်ပွဲကနေ တက်လာတဲ့ အတုအယောင်အစိုးရပေါ့။ ဆိုတော့ ဒီအပေါ်မှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအပေါ်မှာတော့ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတော့ ရှိပါတယ်။ ဒီလို ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖို့အတွက်ကျ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကတော့ နိုင်ငံရေးပိုင်းမှာကော စစ်ရေးပိုင်းမှာကော သေချာ စနစ်ကျတဲ့ စုဖွဲ့မှုကောင်းကောင်းနဲ့ ဒီထက်ပိုပြီး ကျစ်လစ်ခိုင်မာတဲ့ နောက်တစ်ခုက နိုင်ငံရေးအရ ဘယ်လိုတွေ ဆက်သွားကြမလဲဆိုတဲ့ အရွေ့တွေ အပြောင်းအလဲတွေပေါ်မှာ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးတော့ ဆက်လက်ရင်ဆိုင်သွားရမယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်”လို့ ဆိုပါတယ်။

တစ်ဘက်မှာ အုပ်ချုပ်ခံ လူတန်းစားဖြစ်တဲ့ ပြည်သူလူထုဟာ တော်လှန်ရေးအင်အားစုတွေဘက်မှာသာ ရှိနေတာဖြစ်တဲ့အတွက် သိပ်ပြီး စိုးရိမ်စရာ မရှိဘဲ လုပ်စရာရှိတာ အကောင်းအဆုံးလုပ်သွားကြဖို့ လိုအပ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

စစ်ကော်မရှင်အနေနဲ့ တတိယကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက်နေ့မှာ စတင်ကျင်းပဖို့ ခေါ်ယူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ တီခွန်မြတ်က လက်မှတ်ရေးထိုးပြီး ကြေညာခဲ့ပါတယ်။

အမျိုးသားလွှတ်တော်နဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကိုတော့ မတ် ၁၈ ရက်နဲ့ ၂၀ ရက်နေ့တို့မှာ ခေါ်ယူကျင်းပမယ်လို့ ကြေညာချက်မှာ ကာလုံရဲ့ အမှုဆောင်ချုပ် အောင်လင်းဒွေးက လက်မှတ်ရေးထိုးခဲ့တာပါ။

စစ်တပ်အနေနဲ့ ရွေးကောက်ပွဲမဲမသမာမှု အကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့ပြီး ၅ နှစ်နီးပါးအကြာမှာ နိုင်ငံရေးထွက်ပေါက်အဖြစ် အပိုင်းသုံးပိုင်းနဲ့ ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်ဆန်းပိုင်းမှာ ကျင်းပခဲ့ပါတယ်။

စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မဲရလဒ်စာရင်းတွေအရ အစိုးရဖွဲ့နိုင်တဲ့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သုံးရပ်စလုံးမှာ ကိုယ်စားလှယ် ၇၃၉ ဦးအထိ အပြတ်အသတ် အနိုင်ရရှိထားတာပါ။

ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ခံစရာမလိုတဲ့ တပ်ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီတို့ ကြီးစိုးတဲ့ လွှတ်တော်မှာ အရပ်သားစစ်စစ် အုပ်ချုပ်မယ့် အစိုးရဖြစ်လာမှာ မဟုတ်ဘဲ စစ်တစ်ပိုင်းအစိုးရသာ ဖြစ်လာမယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပြန်ပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက အတုအယောင်ရွေးကောက်ပွဲကနေ ဖြစ်တည်လာမယ့် လွှတ်တော်နဲ့အစိုးရကို လက်ခံလို့ ရမှာ မဟုတ်ပေမယ့် စစ်အုပ်စုကတော့ နိုင်ငံတကာနဲ့ လူထုကို မက်လုံးအမျိုးမျိုး ပေးလာမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဆွေးနွေးပွဲတွေကနေ ချဉ်းကပ်ပြီး အောင်မြင်ရင် တရားဝင်အစိုးရအဖြစ် နိုင်ငံတကာကို ပြသဖို့ လုပ်ဆောင်လာမယ့် အနေအထားရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“စစ်ရေးမှာကျတော့လည်း သူ့ရဲ့ လုပ်ငန်းစဉ်အတိုင်း အရင် NCA ဆိုတဲ့ အဟောင်းကြီးကို လက်ကိုင်ပြုပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေကို နည်းအမျိုးမျိုးနဲ့ သူက မက်လုံးပေးလာပြီးတော့ တစ်ဖွဲ့ချင်းအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာတွေ အဲဒီလိုနဲ့ ချဉ်းကပ်ပြီး သူက နည်းအမျိုးမျိုးနဲ့ အစိုးရတစ်ရပ်အနေနဲ့ သူက လုပ်လာမှာ ဖြစ်တယ်။အဲဒီမှာ တစ်ခုစ နှစ်ခုစ လုပ်လာနိုင်တဲ့ အောင်မြင်လာတဲ့ဟာ ရှိရင်တော့ သူက အဲဒါကို အကြီးကြီးလုပ်ပြီး နိုင်ငံတကာကို တရားဝင် အစိုးရဖြစ်ကြောင်းဆိုပြီးတော့မှ ပိုပြီး လုပ်ဆောင်လာမယ့် အနေအထားတော့ ရှိမှာပေါ့”လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ရေး၊နိုင်ငံရေးမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးနဲ့ တော်လှန်ရေးအောင်မြင်ရေးအတွက် စုပေါင်းဦးဆောင်မှုနဲ့ ကျစ်လစ်ခိုင်မာတဲ့ စုဖွဲ့မှုတစ်ခု ဖော်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ K3C တို့ စုပေါင်းဦးဆောင်မှုအခင်းအကျင်း ဖော်ဆောင်ဖို့ ဆွေးနွေးနေတဲ့ အဆင့်မှာရှိတယ်လို့ ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း အသိပေးခဲ့ပြီး NUG ဝန်ကြီးချုပ်ကလည်း စုစုစည်းစည်းနဲ့ ခရီးနှင်နိုင်ရင် ခရီးပိုပေါက်မယ်လို့ ပြောဆိုထားတာပါ။

မဟာမိတ်ခေါင်းဆောင်တွေ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေသလို စစ်ရေးကဏ္ဍကိုလည်း အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းမှာလည်း စစ်အနိုင်တိုက်ရေး ရည်မှန်းချက်ကို အ‌ကောင်အထည်ဖော်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ကြွေးကြော်ထားပေမယ့် လောလောဆယ်အထိ ဗျူဟာမြောက် စစ်ဆင်ရေးတွေ ဖော်ဆောင်တာ မတွေ့ရသေးပါဘူး။

တစ်ဘက်မှာ အာဏာသိမ်းမှု ၅ နှစ်အတွင်း လက်နက်ကိုင်တပ်တွေရဲ့ ပထမဆုံး တပ်ပေါင်းစုကြီးတစ်ခုအဖြစ် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာအတွင်း ဖွဲ့စည်းခဲ့တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ကလည်း အလားတူ ဖြစ်ပါတယ်။

နိုင်ငံအနှံ့ရှိ လက်နက်ကိုင်တော်လှန်‌ရေးတပ်ဖွဲ့တွေထဲက ၁၉ ဖွဲ့နဲ့ SRA ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကို စုစည်းညီညွတ်မှုအားနဲ့ အကောင်အထည်ဖော်သွားမယ့် ကတိကဝတ် ထားရှိခဲ့ကြတာပါ။

စစ်ရေးအကဲခတ်တွေကတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အချိန်အတိုင်းအတာတစ်ခုမှာ ပေါင်းစည်းမှုနဲ့ ညီညွတ်မှုအားကို မဖော်ဆောင်နိုင်ရင် စစ်တပ်ရဲ့ ပြင်ဆင်ပြောင်းလဲလာတဲ့ အခင်းအကျင်းမှာ ကြီးမားတဲ့ ဖိအားအကျပ်အတည်းတွေ ရင်ဆိုင်ရနိုင်တယ်လို့ ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.