မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၄
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကနေ ပေါ်လာမယ့် အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ လုံခြုံရေး အပါအ ဝင် ဒေသန္တရ အုပ်ချုပ်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထဲ တပ်ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်မယ့် ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ရှိနေပါတယ်။
စစ်အာဏာသိမ်းယူချိန်မှာ ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို ပြန်လည်မပယ်ဖျက်ခင်နဲ့ စစ်ကော်မရှင်အဖြစ် ပြောင်းလဲမဖွဲ့စည်းခင် တစ်ရက်အလိုမှာ စစ်ကောင်စီက မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွန်ကြားချက်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့ကောင်စီအဆင့်ဆင့်နဲ့ အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဥပဒေပုဒ်မ ၁၃၆ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး စစ်ကောင်စီလို့ခေါ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အဲဒီညွန်ကြားချက်ကို ထုတ်ပြန်တာလို့ ဆိုပါတယ်။
ညွန်ကြားချက်အရ နေပြည်တော်ကောင်စီအပါအဝင် တိုင်း ဒါမှမဟုတ် ပြည်နယ်အစိုးရအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းရမှာပါ။
ကော်မတီကို ဥက္ကဌနဲ့ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ၇ ဦး ပါဝင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူးဟာ ဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး စစ်တပ်ကိုယ်စားလှယ်တစ်ဦးကိုတော့ အဖွဲ့ဝင် ၁ အဖြစ် ထည့်သွင်းထားပါတယ်။
နယ်မြေခံ တပ်နယ်ကနေ တင်သွင်းတဲ့ ဗိုလ်မှူးအဆင့်ရှိ တပ်ကိုယ်စားလှယ်အဖြစ် သတင်းဌာနတချို့က ဖော်ပြနေကြပေမယ့် ညွန်ကြားချက်မှာတော့ အရည်အချင်းသတ်မှတ်ချက် ဖော်ပြထားတာ မတွေ့ရပါဘူး။
မွန်ပြည်နယ် ဒေသခံတစ်ဦးက အုပ်ချုပ်ရေးပိုင်းမှာ တပ်ကိုယ်စားလှယ်ကို ထည့်သွင်းတာဟာ စစ်တန်းလျားကနေ အရပ်ဘက်ကို ရာထူးအာဏာပိုပြတာကလွဲရင် ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
“ပြည်သူတွေနဲ့ ထိတွေ့တဲ့ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ကိုယ်စားလှယ် တစ်ယောက်ကို ထည့်တဲ့ကိစ္စက စစ်တပ်ကိုယ်စားလှယ်က အောက်ခြေပြည်သူလူထုရဲ့ အခြေအနေလည်း ဘာမှ ဂဃနဏ မသိဘူး။ ပြီးရင် ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ စီးပွားရေးဆိုင်ရာ ပညာရေးဆိုင်ရာ ဘာမှ သိတာမဟုတ်ဘူး။ သူတို့ စစ်တန်းလျားကနေလာပြီးတော့ ဒီမှာ ရာထူးပါဝါ လာကြီးတာ။ ပြီးရင် လူတွေကို သူတို့က လူလို မဆက်ဆံဘူး။ အုပ်ချုပ်ရေးမှူးဖြစ်သွားရင် ပိုဆိုးတယ်။ အရင်ကထက်ကို ရာထူးအာဏာတွေက ပိုပြလာမယ်။ ပြည်သူတွေအတွက် ဘာအကျိုးမှ မရှိဘူး။ သူတို့နဲ့ ပြေလည်တဲ့သူကတော့ အဆင်ပြေသွားမယ်၊ အဲဒီလူတွေက ခရိုနီတွေပေါ့။ ပေါင်းစားမယ်၊ သူတို့ကို လမ်း ကြောင်းတွေ ပြပေးမယ်။ ပြီးသွားရင် ပြည်သူတွေကို အနိုင်ကျင့်မယ်”လို့ ဆိုပါတယ်။
ကျန်အဖွဲ့ဝင်တွေထဲမှာ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူးအပါအဝင် မြို့နယ်ဥပဒေရုံးက ဥပဒေအရာရှိ၊ လဝက ဝန်ကြီးဌာနက မြို့နယ်ဦးစီးမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတစ်ဦးတို့ ဖြစ်ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကိုတော့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားတာပါ။
မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီဟာ သက်ဆိုင်ရာဦးစီးအဖွဲ့ ဥက္ကဌ ဒါမှမဟုတ် ခရိုင်ကော်မတီဥက္ကဌကို တာဝန်ခံရမှာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဟာ သက်ဆိုင်ရာမြို့နယ်ရဲ့ အုပ်ချုပ်ရေးတာဝန်ခံ ဖြစ်ပါတယ်။
ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ မြို့နယ်အတွင်း တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အပါအဝင် ဒေသန္တရဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ မြေယာစီမံခန့်ခွဲရေး စတဲ့ ကဏ္ဍအစုံ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်လုပ်ဆောင်ရမှာပါ။
မြို့နယ်အတွင်း လုံခြုံရေး တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရဌာနက အကူအညီတောင်းခံလာရင် ပံ့ပိုးကူညီကာ ရဲတပ်ဖွဲ့အပါအဝင် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နင်းရေးအဖွဲ့တွေကို ညှိနှိုင်းပေးရမယ်လို့ ညွန်ကြားချက်မှာ ဖော်ပြပါတယ်။
ဒါဟာ စစ်ကောင်စီလက်ထက်မှာ ထုတ်ပြန်ခဲ့တဲ့ ညွန်ကြားချက်ဖြစ်ပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ကော်မတီကို ဖွဲ့စည်းရမှာဖြစ်လို့ ညွန်ကြားချက် မပယ်ဖျက်သရွေ့ အစိုးရအဆက်ဆက်မှာ ကျင့်သုံးမယ့် သဘောလို့ နားလည်ရပါတယ်။
တစ်ဘက်မှာ ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ဧပြီမှာ အစိုးရတစ်ရပ် ဖွဲ့စည်းမှာဖြစ်လို့ စစ်တပ်အရာရှိတွေ အစိုးရအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲ ဆက်လက်ပါဝင်နိုင်မယ့် အခင်းအကျင်းကို ဖန်တီးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။
နောက်ထပ် မွန်ဒေသခံတစ်ဦးကလည်း ခေါင်းစဉ်သာ အမျိုးမျိုးပြောင်းသွားပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ စစ်တပ်ကပဲ နိုင်ငံကို ဆက်တိုက် အသွင်ပြောင်းအုပ်ချုပ်တဲ့ အနေအထားလို့ ပြောပါတယ်။
“အဓိကကတော့ စစ်တပ်က အုပ်ချုပ်နေတာပဲ။ ဒါပေမယ့် ခေါင်းစဉ်က ပြောင်းသွားတာပေါ့။ ခေါင်းစဉ်အမျိုးမျိုး ပြောင်းသွားတာပဲ။ လွှတ်တော်ထဲမှာလည်း စစ်တပ်က ၂၅ ရာခိုင်နှုန်း ယူထားတာပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အကြံပြုတဲ့လူကလည်း ဒုသမ္မတဖြစ်ရမယ်၊ ဒုသမ္မတကနေ သမ္မတရွေးရာမှာပဲ။ ဒီ ၂၀၀၈ ကြီးအောက်မှာ သွားနေသရွေ့တော့ စစ်တပ်က အသွင်ပြောင်းအုပ်ချုပ်တဲ့ အနေအထားပဲ ဆက်တိုက် သွားမှာပဲ”လို့ ဆိုပါတယ်။
စစ်တပ်စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံစရာမလိုတဲ့ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရွေးချယ်မှုနဲ့ လွှတ်တော်ထဲ နေရာယူထားတာပါ။
ဒါ့အပြင် နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်မှာ လျှိူဝှက်မဲပေးရွေးချယ်ဖို့ အစုအဖွဲ့သုံးခုကနေ ဒုသမ္မတတစ်ဦးစီ အမည်စာရင်းတင်သွင်းတဲ့အခါမှာလည်း တပ်ဘက်က တစ်ဦးကို တင်မြှောက်ခွင့် ပေးထားတာ ဖြစ်ပါတယ်။
ကာကွယ်ရေးနဲ့ ပြည်ထဲရေးမှာလည်း ဗိုလ်ချုပ်ကြီးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အပါအဝင် တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့မှာလည်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို ဗိုလ်မှူးကြီးအဆင့်နဲ့ ခန့်အပ်ပိုင်ခွင့် ရရှိထားတာပါ။
ဒီလိုမျိုး ဥပဒေကြောင်းအရ ပေးထားချက်တွေကို မတင်းတိမ်နိုင်ဘဲ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ ကဏ္ဍအလိုက် အဆင့်ဆင့် ဝင်ရောက်လွှမ်းမိုးချုပ်ကိုင်နေပြီး လာမယ့် အစိုးရလက်ထက်မှာလည်း ဆက်လက် ချုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

