မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၂
အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ပိတ်ဆို့ဖမ်းဆီးမှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ်က ဝင်ရောက်နေတဲ့ ထိုင်းကုန်ပစ္စည်းအများစု အဆိုးရွားဆုံး ပြတ်လပ်သွားပြီလို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ဟာ ထိုင်းကုန်ပစ္စည်းတွေကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပြင် ပဲခူးတိုင်းအဝင်တွေမှာကအစ ပိတ်ဆို့ဖမ်းဆီး သိမ်းဆည်းတာ၊လူတွေကိုပါ ဖမ်းဆီး အရေးယူနေတဲ့အတွက် ကုန်သည်အများစု ထိုင်းကုန်ပစ္စည်း မတင်သွင်း ရဲကြတော့ပါဘူး။
အခုလို ထိုင်းကုန်ပစ္စည်းတွေကို ကုန်သည်တွေက မတင်သွင်း ရဲကြတော့တဲ့အတွက် ဒေသတွင်း လိုအပ်တဲ့ အခြေခံ စားသောက်ကုန် အပါအဝင် မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကအစ ဈေး ကွက်အတွင်း အများစု ပြတ်လပ်လာကြတာ ဖြစ်ပါတယ်။
ကုန်သည် တစ်ဦးကတော့ ထိုင်းကုန်ပစ္စည်း အများစု အဆိုးရွားဆုံး ပြတ်လပ်လာတာဟာ စစ်ကော်မရှင်ရဲ့ ဖမ်းဆီးမှုနဲ့အတူ ကုန်ပစ္စည်းအများစု တင်သွင်းခွင့်မရတဲ့ အခြေအနေကြောင်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဈေးကွက်ထဲမှာ ဘာပစ္စည်းမှကို မရှိတော့ဘူး။ Colgate တောင် မရှိတော့ဘူး။ Coca Colaတောင် ပစ္စည်း ပျက်နေတဲ့ ဥစ္စာ၊ ဈေးကွက်ထဲမှာ ကျွန်တော်တို့က Coca Colaတောင် သောက်စရာ မရှိတော့ဘူး။ Signalတောင် ဝယ်လို့ မရတော့ဘူး။ အကုန်လုံးက ပစ္စည်းတွေ ပြတ်နေပြီး”လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းကုန်ပစ္စည်းတချို့ ဟာ မှောင်ခို ဝင်ရောက်မှု ရှိပေမယ့် ပစ္စည်းဈေးနှုန်း အရင်ထက် ၃ ဆ ၊ ၄ ဆ လောက် မြင့်တက်လာတာကြောင့် အရင်လို မသုံးစွဲ နိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။
ထိုင်းကုန်ပစ္စည်းတွေကို စစ်ကော်မရှင်က ရေကြောင်းမှ တရားဝင် သွင်ခွင့် ပြုပေမယ့် ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ ကုန်တင်နာပုံး အလိုက်သာ တင်သွင်းခွင့် ပြုတာကြောင့် တစ်ပိုင်တစ်နိုင်သမားတွေ အတွက် အခက်တွေ့စေတာပါ။
ထိုင်းကုန်ပစ္စည်းတွေကို ရေကြောင်းနဲ့ သယ်ယူ ပို့ဆောင်တဲ့ နေရာမှာလည်း အချိန် ကြန့်ကြာမှု ရှိတာ၊ ကုန်ကျစရိတ် ပိုမို ကုန်ကျတာအပြင် စစ်ကောင်စီရဲ့ သတ်မှတ်ချက်တွေကြောင့် လွယ်လွယ်ကူကူ တင်သွင်းလို့ မရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းရှင်တွေကတော့ နိုင်ငံတွင်း အစားထိုး ကုန်ပစ္စည်းတွေကို သုံးစွဲမှု ပမာဏအလိုက် လိုအပ်သလောက် မထုတ်လုပ်နိုင်ဘဲ အခုလို ဒေသတွင်း လိုအပ်တဲ့ ထိုင်းကုန်တွေကို နယ်စပ်က တင်သွင်းခွင့် ပိတ်လိုက်တာဟာ ပြည်သူတွေကို အကျပ်အတည်း ဖြစ်အောင် လုပ်ဆောင်တာနဲ့ အတူတူပဲလို့ ဝေဖန်ပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ အဓိက သွင်းကုန်တွေ ဖြစ်တဲ့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိက ဝယ်ယူအသုံးပြုနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

