နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၇

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အပါအဝင် စစ်အရာရှိ ၁၀ ဦးကို အရေးယူနိုင်ရေး တရားစွဲဆိုဖို့ တီမောနိုင်ငံက အမှုဖွင့်လက်ခံခဲ့မှုကြောင့် စစ်ကော်မရှင်က အမျက်ရှနေပါတယ်။

ရန်ကုန်မြို့ရှိ တီမောသံရုံးယာယီတာဝန်ခံကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မတိုင်ခင် မြန်မာနိုင်ငံကနေ အပြီးအပိုင်ထွက်ခွာဖို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဆင့်ခေါ်ပြီး အကြောင်းကြားခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တကယ်လို့ တီ‌မောအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ရပ်တည်ချက် သဘောထားတွေ မပြောင်းလဲရင် ပိုမိုပြင်းထန်တဲ့ အစီအမံတွေ ထပ်မံ ချမှတ်သွားမယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။

အကြောင်းကတော့ မြန်မာနိုင်ငံနဲ့ တီမောနိုင်ငံတို့ရဲ့ နှစ်နိုင်ငံအစိုးရကြား ဆက်ဆံရေး ကောင်းမွန်ပေမယ့် တီမောသမ္မတအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို မကြာခဏ ဝင်ရောက်စွက်ဖက်နေတယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက်ပိုင်း ကတိကဝတ်ပြုခဲ့တဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးမူ အပါအဝင် အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို လိုက်နာခဲ့ခြင်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါဟာ တီမောသမ္မတက မြန်မာစစ်တပ်အရာရှိကြီးတချို့အပေါ် တရားစွဲဆိုတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ လက်ခံတွေ့ဆုံခဲ့မှုအပေါ် လုံးဝ လက်မခံနိုင်တဲ့အပြင် အခြေခံမူတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ စစ်ကော်မရှင်က တုံ့ပြန်ထားတာပါ။

ချင်းပြည်နယ်မှာ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ၅ ခုအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီအတွင်း တီမောနိုင်ငံ ပြည်သူ့အစိုးရရှေ့နေရုံးကို တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။

အစုအပြုံလိုက် သတ်ဖြတ်မှု၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ခရစ်ယာန်ဆရာတော် သုံးပါးကို သတ်ဖြတ်မှု၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ ဘုရားကျောင်းတွေကို တိုက်ခိုက်မှု စတာတွေကို တရားစွဲ အရေးယူနိုင်ဖို့ ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ တီမောနိုင်ငံက လက်ခံအမှုဖွင့်ခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က တီမောနိုင်ငံက အဲဒီအမှုကို စုံစမ်းစေဆေးဖို့ လက်ခံခဲ့တဲ့အတွက် စစ်ကော်မရှင်အနေနဲ့ နိုင်ငံတကာမှာ ဂုဏ်သိက္ခာကျဆင်းသွားတာကြောင့် ဒီလိုမျိုး လုပ်တာလို့ သုံးသပ်ပါတယ်။

“အကျိုးသက်ရောက်မှုက ရှိတာပေါ့၊ ဒါက နိုင်ငံတကာပြန့်သွားပြီ။ နိုင်ငံတကာပြန့်သွားတဲ့အခါမှာ သူ့ရဲ့ အပြည်ပြည်ဆိုင်ရာ ဂုဏ်သိက္ခာ ကျသွားတာ‌ပေါ့။ အဲဒါ အဓိက ပဲလေ၊ ကျန်တဲ့ တရားရုံးက အမိန့်ချတာတွေ ဘာတွေက ကြာဦးမှာလေ။ ပြီးရင် တရားရုံးက လက်ခံပြီးတော့ စစ်ဆေးမယ်ဆိုတာလည်း ဒါတွေက အထူးသဖြင့် နိုင်ငံတကာသိက္ခာမှာတော့ ပိုပြီးတော့ ဇီးဒိုးဖြစ်သွားတာပေါ့။အဲဒီ သဘောရှိပါတယ်၊ ဒါကြောင့်မို့ ဒီကလည်းပဲ (စတ/စကမ) ဆတ်ဆတ်ခါ နာတာပေါ့။ဟိုဟာပေါ့ကွာ အနာရှိတော့ စပ်တာပေါ့”လို့ ဆိုပါတယ်။

အမှုလက်ခံတဲ့အပေါ် စစ်ကော်မရှင်က တီမောသံရုံးယာယီတာဝန်ခံကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဆင့်ခေါ်ကာ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အသိပေးခဲ့သလို ဖြေရှင်းချက်တရပ်ကို ပြန်လည်ပေးပို့ဖို့ တောင်းဆိုခဲ့ပြီး သတိထောက်လွှာတစ်စောင်လည်း ပေးအပ်ခဲ့တာပါ။

အလားတူ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်အစည်းအဝေးအတွင်း စစ်ကော်မရှင်က နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းသွားစေနိုင်တဲ့ အရေးကိစ္စတွေမှာ ရှောင်ရှားနိုင်ဖို့ တီမောနိုင်ငံခြားရေးဝန်ကြီးကို ဖြေရှင်းချက်တစ်ရပ် ထပ်မံတောင်းဆိုခဲ့ပါတယ်။

ဖြေရှင်းချက်ကို စောင့်ဆိုင်းနေတဲ့ကာလအတွင်း တီမောအစိုးရဟာ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တရားစွဲဆိုမှုကို လက်ခံပြီး အမှုကို လေ့လာကြည့်ရှုဖို့ ဝါရင့်ရှေ့နေတစ်ဦးကို တာဝန်ပေးအပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် စိတ်ပျက်တယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

တရားစွဲဆိုမှုကို လက်ခံတဲ့ အလားတူ ဖြစ်စဉ်မျိုး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အရင်က မရှိခဲ့ဖူးလို့ အခုဖြစ်စဉ်ဟာ အရင်က မရှိခဲ့ဖူးတဲ့ အစဉ်အလာနဲ့ အပြုသဘော မဆောင်တဲ့ အဓိပ္ပါယ်ကောက်ယူမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ စစ်ကော်မရှင်က ရှုမြင်ထားတာပါ။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာသိမ်းယူခဲ့မှုကြောင့် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဖော်ပြကြပါတယ်။

ဒါပေမယ့် ဒီကနေ့ အချိန်အထိ စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကောင်စီကနေ စစ်ကော်မရှင်အထိ အပြစ်ပေးအရေးယူခံရခြင်း မရှိခဲ့ပါဘူး။တစ်ဘက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် စစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်ခဲ့မှုကြောင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့ပြီး နိုင်ငံတကာတရားရုံး ICJ မှာ စစ်ကော်မရှင်က အမှုရင်ဆိုင်ခဲ့ရပါတယ်။

ဒီအခြေအနေမှာ စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲအပေါ် ကုလသမဂ္ဂက အသိအမှတ်မပြုခဲ့သလို အာဆီယံအနေနဲ့ကလည်း အဖွဲ့ဝင်နိုင်ငံအတွင်း မတူညီတဲ့ သဘောထားတွေ ရှိနေတဲ့အတွက် မထောက်ခံခဲ့ပါဘူး။

အာဏာသိမ်းမှုအစောပိုင်းကာလ ၂၀၂၁ ခုနှစ် ဧပြီအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံကနေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း ဒီကနေ့အချိန်အထိ စစ်ကော်မရှင်က အကောင်အထည်ဖော် လိုက်နာခြင်း မရှိခဲ့ပါဘူး။

ဒီအတွက် အာဆီယံရဲ့ မူအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရေးနဲ့ အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကြောင့် စစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခဲ့ရာကနေ တီမောနိုင်ငံက တရားစွဲဖို့ ဖြစ်လာတဲ့အပေါ် အမျက်ထွက်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးတရားဝင်မှု ရချင်နေတဲ့ စစ်ကော်မရှင်အနေနဲ့ ဧပြီမှာ အစိုးရသစ် ဖွဲ့စည်းမယ်လို့ အသိပေးထားတဲ့အပေါ် အာဆီယံအနေနနဲ့ အသိအမှတ်ပြုမှာ မဟုတ်သလို မူအရ ကန့်ကွက်တဲ့ အဖွဲ့ဝင်တစ်နိုင်ငံရှိရင် တူညီဆန္ဒမဟုတ်တဲ့အတွက် တရားဝင်မှု ရမှာ မဟုတ်ဘူးလို့ ဦးကြီးမြင့်က ထောက်ပြပါတယ်။

တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လဆန်းက ကျင်းပခဲ့တဲ့ တီမောနိုင်ငံရဲ့ ၉ ကြိမ်မြောက် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပါတယ်။

ဒီအပေါ် အဲဒီတုန်းက စစ်ကောင်စီဟာ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့ တီမောနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်အခြေစိုက် တီမောသံရုံး ယာယီတာဝန်ခံကို နိုင်ငံကနေ နှင်ထုတ်ခဲ့ဖူးတဲ့ သာဓကလည်း ရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.