မကွေး ဖေဖော်ဝါရီ ၁၁
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင် တပ်သားတွေနဲ့ ပျူစောထီးတွေက နေအိမ်တွေအထိ အမျိုးသားတွေကို ပေါ်တာဆွဲတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ပွင့်ဖြူမြို့နယ်က လယ်ကိုင်းမြို့နဲ့အနီးနားက ကျေးရွာတွေမှာ ပေါ်တာဆွဲနေလို့ အမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“အိမ်စီးကား အဖြူနဲ့ အနက်ရောင်နဲ့ နှစ်စီးပတ်ပြီးတော့ ပေါ်တာဆွဲနေတာ။ အိမ်မှာကိုမနေရဲဘူး။ သူတို့နဲ့ဝေးတဲ့ နေရာတွေမှာ ပုန်းပြီးတော့ကို နေနေရပါတယ်။ ရွာမှာလည်းယောက်ျားသားကိုမရှိပါဘူး။”လို့ လယ်ကိုင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကော်မရှင်တပ်သားတွေက လယ်ကိုင်း၊ ပြည်လုံးကျော်၊ ဘူးသယ်၊ ကံဆွယ်၊ ဇေတကူနဲ့ လယ်ကိုင်းမြို့ပေါ်ရပ်ကွက်မှာ ပေါ်တာဆွဲနေတာပါ။
ပေါ်တာဆွဲတဲ့အချိန်မှာ လယ်ကိုင်းက ထွေအုပ်စာရေးကျော်သူလည်း ပါဝင်ပြီးတော့ စစ်ကော်မရှင်တပ်တွေကို လမ်းပြပြီး ပေါ်တာဆွဲနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသား ၃၀ ဝန်းကျင် ပေါ်တာဆွဲခံထားရပြီးဖြစ်ကာ ငွေပေးနိုင်သူ တချို့ ပြန်လည်လွတ်မြောက်လာပေမဲ့ ငွေကြေးမတတ်နိုင်သူတွေကတော့ မိသားစုနဲ့ အဆက်သွယ်မရဘူးလို့ သိရပါတယ်။
စစ်ကော်မရှင်နဲ့ ပွင့်ဖြူတော်လှန်ရေးတပ်တွေအကြား ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်တွေမှာတိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကော်မရှင်က ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

