မော်စကို၊ ဖေဖော်ဝါရီ ၁၀

ကျူးဘာမှာ လောင်စာ အရေးပေါ် အခြေအနေ ကြုံတွေ့နေရပြီး အမေရိကန်က ကျူးဘား စီးပွားရေး အသက်ရှူကြပ်အောင် လုပ်ဆောင်နေတယ်လို့ ရုရှားက ဖေဖော်ဝါရီ ၉ ရက်က စွပ်စွဲလိုက်ပါတယ်။

မော်စကိုက ကျူးဘား၊ ဗင်နီဇွဲလားတို့နဲ့အတူ ရပ်တည်ပြီး အမေရိကန်က ကျူးဘား စီးပွားရေးကို လည်ပင်း ညှစ်ထားတာကြောင့် အခက်အခဲ များစွာ ဖြစ်ပေါ်နေတယ်လို့ ရုရှားက ပြောပါတယ်။

မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ထိန်းသိမ်းထားနိုင်ရေးနဲ့ လောင်စာ အချိုးကျ ပေးဝေရေး အပါအဝင် ကျူးဘား အစိုးရက ပိုမို နက်ရှိုင်းလာတဲ့ ပြဿတာကို ရှောင်လွှဲနိုင်မယ့် အစီအစဉ်တွေကို ဖေဖော်ဝါရီ ၆ ရက်မှာ ချပြခဲ့တာပါ။

အမေရိကန်က ကျူးဘားသို့ လောင်စာဆီ ထောက်ပံ့မှု မရှိစေရေး ကြိုးပမ်းနေပြီး သူတို့နဲ့ သဘောတူညီမှု ရယူဖို့ ဖိအားပေးနေပါတယ်။

ကျူးဘားဟာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် ထူးကဲတဲ့ အန္တရာယ် ဖြစ်ပြီး ဗင်နီဇွဲလားဆီက ရေနံ လုံးဝ လက်ခံရရှိတော့မှာ မဟုတ်ဘူးလို့ ထရန့် အစိုးရက ပြောထားပါတယ်။

ပြီးခဲ့တဲ့လက ဗင်နီဇွဲလား သမ္မတ နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ပြီးနောက်မှာ သမ္မတ ဒေါ်နယ် ထရန့် အစိုးရက ကျူးဘားကို ဖိအားပေးနေပါတယ်။

ကျူးဘားကို ရေနံ ထောက်ပံ့နေတဲ့ မက္ကစီကိုလို နိုင်ငံတွေအနေနဲ့ ဆက်လက် ထောက်ပံ့နေရင် အခွန် တိုးကောက်ခံရမှာ ဖြစ်ကြောင်း အမေရိကန်က ခြိမ်းခြောက်ထားပါတယ်။

မက္ကစီကိုက အမေရိကန် အခွန်တွေကို ရှောင်ရှားပြီး ကျူးဘားသို့ ရေနံ ဆက်လက် ထောက်ပံ့နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေပါတယ်။

ကျူးဘား အခြေအနေက တကယ့်ကို ပြင်းထန်နေပါတယ်။ မိတ်ဆွေ ကျူးဘားနိုင်ငံနဲ့ ကျွန်တော်တို့ သံတမန်ရေး လမ်းကြောင်းကရော တခြားလမ်းကြောင်းတွေကပါ ဆက်သွယ်နေပါတယ်လို့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပြောပါတယ်။

ကျူးဘားမှာ လေယာဉ်ဆီ ရှားပါးလာတာကြောင့် ကျူးဘားရှိ ရုရှား ခရီးသွားတွေ အိမ်ပြန်နိုင်မယ့်အရေးနဲ့ပတ်သက်လို့ သတင်းထောက်က မေးမြန်းချိန်မှာ ပြောခွင့်ရသူ ပက်စကော့ဗ်က အခုလိုမျိုး ဖြေကြားသွားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး လေယာဉ်ဆီ ရရှိတော့မှာ မဟုတ်ကြောင်း ကျူးဘားက နိုင်ငံတကာ လေကြောင်းလိုင်းတွေကို သတိပေးထားပါတယ်။

ကနေဒါ လေကြောင်းလိုင်းက ကျူးဘားသို့ ပြေးဆွဲနေတဲ့ လေကြောင်း ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီ ၉ ရက်က ကြေညာထားပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ဗ်ကတော့ ရုရှားအနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ဆက်ဆံရေး တည်ဆောင်နေတယ်လို့ ပြောပါတယ်။

ရုရှားအနေနဲ့ ကိုလိုနီပြုလိုတဲ့ လုပ်ရပ်တွေကို လိုက်လံ တားဆီးနေပြီး တစ်ဖက်သတ် အကြပ်ကိုင်တဲ့ လုပ်ရပ်တွေကိုလည်း ဆန့်ကျင်ကြောင်း လက်ဗရော့ဗ်က ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.