ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၀

နျူကလီးယား လက်နက် ဖောက်ခွဲစမ်းသပ်မှုတွေ လျှို့ဝှက်ပြုလုပ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို တရုတ်အစိုးရက ဖေဖော်ဝါရီ ၉ ရက်မှာ ပယ်ချလိုက်ပြီး ဝါရှင်တန်က သူတို့ကိုယ်တိုင် စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ဆင်ခြေအနေနဲ့ အခုလို စွပ်စွဲနေတာ ဖြစ်ကြောင်း တုံ့ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး ညီလာခံမှာ လက်နက် ထိန်းချုပ်ရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး သောမတ်စ် ဒီနန်နိုက တရုတ်ဟာ ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်က စမ်းသပ်မှု အပါအဝင် နျူကလီးယား စမ်းသပ်မှုတွေ လျှို့ဝှက်လုပ်ဆောင်နေပြီး နောက်ထပ် အများကြီး စမ်းသပ်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခဲ့တာပါ။

အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ လုံးဝ အခြေအမြစ် မရှိကြောင်းနဲ့ ပြောင်ပြောင်တင်းတင်း လိမ်လည်တာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ ၉ ရက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်က သူတို့ကိုယ်တိုင် နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ပြုလုပ်ဖို့ အကြောင်းပြချက်အနေနဲ့ အခုလို စွပ်စွဲ ပြောဆိုနေတာ ဖြစ်ကြောင်းလည်း တရုတ်က ပြောပါတယ်။

အမေရိကန်အနေနဲ့ သူတို့ရဲ့ တာဝန်ယူမှု မရှိတဲ့ လုပ်ရပ်တွေကို ချက်ချင်း ရပ်တန့်ဖို့ အတွက်လည်း တရုတ်က တိုက်တွန်းထားပါတယ်။

မော်စကိုနဲ့ ဘေဂျင်းနည်းတူ အမေရိကန်အစိုးရ အနေနဲ့လည်း နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က အောက်တိုဘာလ အတွင်း ပြောကြားခဲ့သေးတာပါ။

ဒါပေမဲ့ သူက ဘယ်လို နျူကလီးယား စမ်းသပ်မှုမျိုး လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။

ဝါရှင်တန်နဲ့ မော်စကိုကြား နျူကလီးယား လက်နက်များ ထိန်းချုပ်ရေး သဘောတူညီမှု သက်တမ်း ကုန်သွားပြီး အမေရိကန်က တရုတ်၊ ရုရှားနဲ့ အမေရိကန် သုံးနိုင်ငံကြား နျူကလီးယား လက်နက် ထိန်းချုပ်ရေး သဘောတူညီမှု အသစ် ရယူဖို့ အဆိုပြုထားချိန်မှာ ဒီနန်နိုရဲ့ အခုလို စွပ်စွဲချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကတော့ လောလောဆယ်မှာ နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး သဘောတူညီမှုအတွက် ညှိနှိုင်းမှုတွေမှာ ပါဝင်ဦးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

တရုတ် စစ်တပ်က နျူကလီးယား ဒုံးကျည် ပစ်လွှတ်ရေး မြေအောက်ကျင်းတွေမှာ ထိပ်ဖူး ၁၀၀ ကျော်လောက် ထပ်ဆင်ထားဖွယ် ရှိတယ်လို့ အမေရိကန် စစ်ရေး လေ့လာသူတွေက ပြောပါတယ်။

ကမ္ဘာမှာ နျူကလီးယား လက်နက် ပိုင်ဆိုင်မှု အများဆုံး ရုရှားက အသံထက် မြန်တဲ့ လက်နက်တွေ လေဆာလက်နက်တွေ စမ်းသပ်ထားပြီး လက်နက် ပြိုင်ဆိုင်မှုတွေ ထပ်ပြီး မြင်တွေ့လာရဖွယ် ရှိပါတယ်။

ရုရှားက နျူကလီးယား လက်နက် ထိန်းချုပ်ရေး သဘောတူညီမှုကို သက်တမ်းတိုးဖို့ အဆိုပြုကြောင်း ပြောထားပေမယ့် ထရန့်က ပိုကောင်းမွန်တဲ့ သဘောတူညီမှု ရယူမယ်လို့ ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.