ဒါကာ၊ ဖေဖော်ဝါရီ ၁၀
ဘင်္ဂလားဒေ့ချ်မှာ အခုသီတင်းပတ် ရွေးကောက်ပွဲမတိုင်ခင် ဖေဖော်ဝါရီ ၉ ရက် မဲဆွယ်ရေး နောက်ဆုံးနေ့မှာ နိုင်ငံရေး ပါတီတွေက လူထုအုံကြွမှုကို ထောက်ခံ မဲဆွယ်ခဲ့ကြပါတယ်။
လူငယ်တွေ ဦးဆောင်ခဲ့တဲ့ လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ အာဏာရှင်ဆန်တဲ့ အစိုးရ ပြုတ်ကျခဲ့ရပါတယ်။

နိုင်ငံတဝန်း ပြိုင်ဖက် နိုင်ငံရေးပါတီတွေရဲ့ စုဝေးမှုတွေမှာ နိုင်ငံတော်အလံ ကိုင်ဆောင်ထားတဲ့ လူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။
လူဦးရေ သန်း ၁၇၀ ကျော်ရှိတဲ့ နိုင်ငံမှာ နိုင်ငံရေးပါတီတွေက လူထု အုံကြွမှုရဲ့ အရှိန်အဟုန်ကို သုံးပြီး မဲဆွယ် စည်းရုံးခဲ့ကြတာ ဖြစ်ပါတယ်။

လွှတ်တော် အမတ်နေရာ ၃၅၀ အတွက် ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ချ် အမျိုးသားရေး ပါတီ BNP အနိုင်ရမယ်လို့ တစ်ပြေးနေပါတယ်။
အဲဒီ ပါတီကို ပြည်ပမှာ ၁၇ နှစ်ကြာ တိမ်းရှောင်နေပြီးနောက် ဒီဇင်ဘာလက ပြန်ရောက်လာခဲ့တဲ့ တာရီကွေး ရာမန်က ဦးဆောင်နေတာ ဖြစ်ပါတယ်။
BNP ရဲ့ အဓိက ပြိုင်ဖက်ကတော့ လူထုအုံကြွမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ တည်ထောင်ထားတဲ့ National Citizen Party (NCP) ပါတီနဲ့ မဟာမိတ် ဖြစ်တဲ့ ဘင်္ဂလားဒေ့ချ်ရဲ့ အကြီးမားဆုံး အစ္စလာမ်မစ် Jamaat-e-Islami ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဖြစ်လာဖို့ မျှော်လင့်နေတဲ့ တာရီကွေး ရာမန်အနေနဲ့ ယုံကြည်မှု အပြည့်ရှိပုံပေါ်ပြီး ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေကို စင်မြင့်ထက်ကနေ ဟောပြောခဲ့ပါတယ်။
BNP ပါတီ တစ်ခုတည်းမှာပဲ နိုင်ငံကို ထိန်းကျောင်းဖို့ အစီအစဉ်နဲ့ အတွေ့အကြုံ ရှိတယ်လို့ ရာမန်က နိုင်ငံကို ဦးဆောင်ခဲ့ဖူးတဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိဘ နှစ်ပါးကို ရည်ညွှန်းပြီး ပြောပါတယ်။
တခြား ပါတီတွေမှာ အဲဒီလို အရည်အချင်းမျိုး မရှိဘူးလို့လည်း အသက် ၆၀ အရွယ် ရာမန်က ဆိုပါတယ်။
သူဟာ BNP ပါတီ ခေါင်းဆောင်နေရာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကွယ်လွန်သွားခဲ့တဲ့ မိခင်ဖြစ်သူ အသက် ၈၀ အရွယ် ခါလီဒါ ဇီယာဆီက ဆက်ခံခဲ့တာ ဖြစ်ပါတယ်။
သူမိန့်ခွန်း ပြောနေချိန်မှာ စင်မြင့်ကို ရဲတပ်ဖွဲ့က ဝိုင်းထားပြီး အဆောက်အဦ ခေါင်းမိုးတွေပေါ်ကနေ လူအုပ်ကို စောင့်ကြည့်နေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ချ်မှာ ၁၅ နှစ်ကြာ အာဏာကိုင်စွဲထားခဲ့တဲ့ ဟာဆီနာဟာ ၂၀၂၄ ခုနှစ် သြဂုတ်လ ၅ ရက်က ဖြုတ်ချခံခဲ့ရပြီး သူဦးဆောင်ခဲ့တဲ့ Awami League ပါတီကို လက်ရှိ ယာယီ အစိုးရက ရွေးကောက်ပွဲ ဝင်ခွင့် တားမြစ်ထားပါတယ်။
သံလက်သီးနဲ့ အုပ်ချုပ်တယ်လို့ လူသိများတဲ့ အသက် ၇၈ နှစ် အရွယ် ဟာဆီနာကို လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နိုဝင်ဘာလက မျက်ကွယ်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
သူဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ပစ်သတ်ဖို့ အမိန့်ပေး စေခိုင်းခဲ့တာကြောင့် အခုလို ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်ပြီး လက်ရှိ အချိန်အထိ အိန္ဒိယမှာ ခိုလှုံနေပါတယ်။
မွတ်ဆလင် ဘရားသားဟုဒ်အဖွဲ့နဲ့ အတွေးအခေါ်အရ တစ်သားတည်းကျတဲ့ အစ္စလာမ်မစ် ပါတီများ ညွှန့်ပေါင်းအဖွဲ့ ခေါင်းဆောင် ရှဖီကူးလ် ရာမန်က သူတို့ ပါတီ အနိုင်ရရင် အကြမ်းဖက်မှုတွေ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေ လျော့ကျသွားမယ်ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ချ် နိုင်ငံရေးပါတီ အများစုရဲ့ မဲဆွယ်စည်းရုံးမှုဟာ ပြီးခဲ့တဲ့ လူထု အုံကြွမှုကို အခြေခံ ထောက်ခံမှုနဲ့ မဲဆွယ် စည်းရုံးခဲ့ကြတာ တွေ့ရပါတယ်။
ဘင်္ဂလားဒေ့ချ် ပြည်သူတွေကတော့ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုကိုပဲ အလိုရှိကြောင်း သာမန် ပြည်သူ တချို့က ပြောကြားထားပါတယ်။
Ref:AFP

