မြဝတီ၊ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်နားရှိ ဖလူးကျေးရွာကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က လေးကေကော်မြို့အနီး ရသေ့ဂူရွာကနေ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တိုက်ပွဲထဲမှာ စစ်ကော်မရှင်ဘက်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ကူပေးခဲ့ပြီး လက်နက် ကြီးကျရောက်ပေါက်ကွဲသံဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အထိပါ ကြားနေရတယ်လို့ ဖလူးဒေသခံနဲ့ ထိုင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ကော်မရှင်တပ်က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မင်းလက်ပံရွာနဲ့ ဖလူးကျေးရွာတွေထဲကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက လက်နက်ကြီး၊ဒရုန်း၊လေယာဉ်ပစ်ကူတွေအသုံးပြုကာ ထိုးစစ်ဆင်နေပေမယ့် ဒီကနေ့အထိ ဖလူးနဲ့ မင်းလက်ပံရွာတွေကို စိုးမိုးထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။
ဒီအတွက်ကြောင့် စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲအပြီးမှာ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ကို စစ်ရေးထိုးစစ်တွေ ပိုမိုလုပ်ဆောင်ဖို့အတွက် လက်နက်ကြီး တင့်ကားတွေပါဝင်တဲ့ စစ်အင်အားအများအပြားကို ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကကတည်းက ဖြည့်တင်းထားတာပါ။
စစ်ကော်မရှင်တပ်က ကရင်ပြည်နယ်ထဲမှာ အင်အားအများအပြား ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနိုင်တယ်လို့လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ထိပ်ပိုင်းအရာရှိတစ်ဦးက သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

