ကော့သောင်း၊ ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က လူငယ် လေးဦးကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် စစ်မှုထမ်း တပ်သားသစ် စုဆောင်းလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ လောင်းကစားဝိုင်းက ပြန်လာတဲ့ လူငယ် လေးဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ပြီး ၁၂ မိုင်ကျေးရွာက နှစ်ဦး၊ ဘန်းကချွန်ကျေးရွာက နှစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်ဟာ ကော့သောင်းမြို့နယ်က ကျေးရွာတွေမှာ နတ်ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ခွင့်ပြုထားပြီး လောင်းကစားဝိုင်းက ပြန်လာတဲ့ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် လေးဦးကို စစ်မှုထမ်းအတွက် ကော့သောင်းအခြေစိုက် အမှတ် ၄၃၁ ခြေမြန်တပ်ရင်းထံ ပို့ဆောင်ထားပြီး မိသားစုဘက်က ပိုက်ဆံနဲ့လိုက်ရွေးပေမယ့် စစ်ကော်မရှင်တပ်ဘက်က လက်မခံဘူးလို့ သိရပါတယ်။
ကော့သောင်းမြို့နယ်မှာ အခုနောက်ပိုင်း စစ်ကော်မရှင်တပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက တစ်လတစ်ကြိမ် လူငယ်တွေကို စစ်မှုထမ်း အကြောင်းပြချက်နဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း စစ်ကော်မရှင်တပ်ဟာ ကော့သောင်းမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေက စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၁၀၀ ထက်မနည်း ဖမ်းဆီးပြီးနောက် စစ်မှုထမ်းတပ်သား စုဆောင်းခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

