ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
အင်အား ၅၀၀ လောက်ရှိတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကျိုက်ထိုမြို့နယ် မောက္ခမော့နဲ့ ခရွဲကျေးရွာတို့မှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တွေထံက သိရပေမယ့် အရေအတွက် အတိအကျကို သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ် စစ်ကြောင်းကို ကျိုက်ထိုအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၂၀၇ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၁၀ အမြောက်တပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၅၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတဲ့ ကျေးရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ရဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူး သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

