နယူးဒေလီ၊ ဖေဖော်ဝါရီ ၅

အိန္ဒိယမှာ ၁၆ နှစ်အောက်အရွယ် ကလေးတွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်ရေး တောင်းဆိုမှုတွေ ပိုများလာနေပြီး ပြည်နယ် အများအပြားရှိ ဝန်ကြီးတွေက သြစတြေးလျမှာ မကြာသေးခင်က ပြဌာန်းခဲ့တဲ့ လူမှုမီဒီယာ ဥပဒေကို လေ့လာနေတယ်လို့ ပြောပါတယ်။

ကလေးတွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်လိုက်ရင် တားမြစ်မှု ထိရောက်နိုင်သလား ဆိုတာကို လေ့လာနေတယ်လို့ တောင်ပိုင်းပြည်နယ် အနည်းဆုံး နှစ်ခုရဲ့ ဝန်ကြီးတွေက ပြောထားပါတယ်။

အိန္ဒိယရဲ့ စီးပွားရေး အကြံပေးအရာရှိချုပ် ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က ကလေးတွေ လူမှုမီဒီယာ အသုံးပြုမှုအတွက် အသက်အရွယ်ကို အခြေခံပြီး တားမြစ်မှုတွေ ပြုလုပ်ဖို့ ဖက်ဒရယ် အစိုးရကို အကြံပေးကြောင်း ပြောထားပါတယ်။

ဒါပေမဲ့ ပညာရှင်တွေက အဲဒီလို တားမြစ်မှုမျိုးဟာ အိန္ဒိယမှာ လွယ်ကူမှာ မဟုတ်ဘဲ ဥပဒေဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးပါတယ်။

သြစတြေးလျမှာ မကြာသေးခင်က အသက် ၁၆ နှစ်အောက် အရွယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်ခဲ့ပြီး ကမ္ဘာမှာ အဲဒီလို တားမြစ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

သြစတြေးလျမှာ ဥပဒေသစ်အရ လူမှုမီဒီယာတွေအနေနဲ့ အသုံးပြုသူတွေကို အသက်အရွယ် စစ်ဆေး အတည်ပြုရမှာ ဖြစ်ပြီး ၁၆ နှစ် အရွယ်တွေရဲ့ အကောင့်တွေကို ပိတ်သိမ်းရမှာ ဖြစ်ပါတယ်။

သြစတြေးလျရဲ့ အဲဒီလို တားမြစ်မှုကြောင့် လူမှုမီဒီယာ ကုမ္ပဏီတွေ ပြစ်တင် ဝေဖန်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြင်သစ်မှာ အသက် ၁၅ နှစ်အောက် အရွယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်ရေး ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ်မှာ အဲဒီ တားမြစ်ချက် အသက်ဝင်လာဖို့အတွက် အထက်လွှတ်တော်က လက်ခံ အတည်ပြုပေးဖို့ လိုအပ်နေပါသေးတယ်။

ဗြိတိန်ကလည်း ကလေးတွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်ဖို့ စဉ်းစားနေပြီး သြစတြေးလျရဲ့ ဥပဒေကို လေ့လာနေပါတယ်။

အိန္ဒိယမှာ အန်ဒရာပရာဒက်ချ် ပြည်နယ် အာဏာရ ပါတီက အသက် ၁၆ နှစ် အရွယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့် တားမြစ်ရေး အဆိုပြုထားပြီး ဖြစ်ပါတယ်။

ဒါက အစိုးရ မူဝါဒကို ကိုယ်စား မပြုပေမယ့် လွှတ်တော်တွင်း အချေအတင် ဆွေးနွေးစရာ အကြောင်း ကိစ္စတစ်ခု ဖြစ်လာနိုင်ပါတယ်။

လူမှုမီဒီယာတွေဟာ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အန္တရာယ်ပိုကင်းတဲ့ နေရာတွေ ဖြစ်လာသင့်ကြောင်း အဲဒီ ပြည်နယ်ရဲ့ သတင်းနဲ့နည်းပညာ ဝန်ကြီး နာရာ လိုကက်ရှ်က ပြောပါတယ်။

တခြား ပြည်နယ်တွေကလည်း အလားတူ အစီအစဉ်တွေ ပြုလုပ်ဖို့ စိတ်ဝင်စားကြောင်း ဖော်ပြထားကြပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.