မော်လမြိုင် ၊ ဇန်နဝါရီ ၃
ဒီနေ့ခေတ်မှာ မွန်လူမျိုးရဲ့ အမျိုးသားလွတ်မြောက်ရေးနဲ့ မွန်ပြည်ထူထောင်ရေးအတွက် တော်လှန်ရေးအရှိန်အ ဟုန်ဟာ မြင့်တက်နေတာကြောင့် မွန်လူထုတွေအနေနဲ့ ပါဝင်ကူညီကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ပြည်တွင်းပြည်ပ မွန်အမျိုးသားချစ်ပုဂ္ဂိုလ်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ မွန်အမျိုးသမီးတွေနဲ့ မွန်လူငယ်တွေအနေနဲ့ တော်လှန်ရေးမှာ တိုက်ရိုက်ပါဝင်ဖို့ ဒါမှမဟုတ် သွယ်ဝိုက်ကူညီထောက်ပံ့ဖို့ ၇၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားတာပါ။
လက်ရှိအချိန်မှာ ဗမာပြည်သူတွေအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ရေးအတွက် နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
တိုင်းရင်းသားဒေသအများအပြားမှာ စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အခွင့်အရေးတွေကို စတင်ကျင့်သုံးနေပြီး ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေ အားကောင်းရေးကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လုပ်ဆောင်နေတာပါ။
စစ်အာဏာရှင်စနစ်အောက်မှာ မွန်အမျိုးသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို စစ်အစိုးရထံ လက်ဖြန့်တောင်းခံလို့ မရနိုင်ဘဲ သမိုင်းတလျှောက် ဗမာစစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာလို့ MSFC က ထောက်ပြပါတယ်။
ဒါ့အပြင် စစ်အုပ်စုက မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းနေပြီး စစ်သင်တန်းပေးကာ လူသတ်စစ်မြေပြင်သို့ နေ့စဉ်ပို့ဆောင်နေတာကြောင့် စစ်မှုထမ်းဥပဒေဟာ လူဦးရေနည်းပါးတဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် မျိုးတုန်းသတ်ဖြတ်မှုလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲမှာလည်း ဒီမိုကရေစီနဲ့ တိုင်းရင်းသားအင်အားစုတွေကို ဖယ်ရှားကာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပါတီတွေက အနိုင်ရရှိခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံကို ဆက်လက်အုပ်ချုပ်သွားမှာပါ။
ဒါဟာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအရ လွှမ်းမိုးမှု ဆက်လက် ထားရှိရေး ကြိုးပမ်းနေတာဖြစ်တဲ့အအပြင် တော်လှန်ရေးအင်အားစုတွေနဲ့ ပဋိပက္ခဒေသတွေမှာရှိတဲ့ ပြည်သူတွေကို တိုက်ခိုက်နေဆဲလို့ MSFC က ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSFC

