မော်လမြိုင် ၊ ဖေဖော်ဝါရီ ၃
ပြည်တွင်းပြည်ပက မွန်ပြည်သူတွေအနေနဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်နိုးကြားကာ ကိုယ်စွမ်းဉာဏ် စွမ်း ရှိသလောက် တက်နိုင်တဲ့ဘက်က အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြဖို့ မွန်ပြည်သစ်ပါတီ AD က တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ သူတို့ရဲ့ ကျူးလွန်ချိုးဖောက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင် ရေရှည်အသက်သွင်းနိုင်ဖို့ ရည်ရွယ်ပြီး အတုအယောင် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲဟာ သူတို့အလိုကျ ရလဒ်ထွက်ရှိအောင် စိတ်တိုင်းကျ ခြယ်လှယ်ပြီး ပြည်သူကို အကြပ်ကိုင် အနိုင်ကျင့်ကာ ပြုလုပ်ခဲ့သလို ရွေးကောက်ပွဲအပေါ် မိမိနိုင်ငံသားအားလုံး၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အာဆီယံနိုင်ငံ တွေကပါ ဆန့်ကျင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အတုအယောင် ရွေးကောက်ပွဲ ပြီးဆုံးသည့်တိုင် နိုင်ငံအနှံ့ တော်လှန်တိုက်ခိုက်မှုတွေနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲတွေ အဆုံးသတ်သွားမှာ မဟုတ်သလို တော်လှန် ရေးအင်အားစု အသီးသီးတို့က တစ်ဖွဲ့ချင်း၊ မဟာမိတ် အင်အားစု ပုံသဏ္ဍာန် မျိုးစုံနဲ့ တိုက်ပွဲ ဖော်ဆောင်လျှက် ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူလူထုနဲ့ တိုင်းရင်းသား လူမျိုးတွေအပေါ် ဒုက္ခမျိုးစုံပေးနေတဲ့ စစ်အာဏာရှင်စနစ် ဆက်ရှိနေသမျှ ကာလပတ်လုံး တရားသော တော်လှန်ရေးတွေလည်း ရည်မှန်းချက် ပန်းတိုင် ရောက်ရှိတဲ့အထိ ဆက်လက်တည်ရှိ နေဦးမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကိုယ့်ထီးကိုယ့်နန်းနဲ့ ကိုယ်ပိုင် အချုပ်အခြာ အာဏာရှိခဲ့တဲ့ မွန်လူမျိုးတွေဟာ စစ်အာဏာရှင်တွေနဲ့ မဟာလူမျိုးကြီးဝါဒီ တွေရဲ့ ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေကြောင့် မိမိတို့ မွန်အမျိုးသားလွတ် မြောက်ရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးအတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို တိုက်ပွဲဝင်တဲ့နေရာမှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့အနေနဲ့ လက် နက်ကိုင် တော်လှန်ရေး လမ်းစဉ်နဲ့သာ မွန်အမျိုးသားတို့ရဲ့ အန္တိမ ရည်မှန်းချက်ကို ရောက်ရှိ နိုင်မယ်လို့ ယုံကြည်ပြီး တိုင်းပြည်အာဏာကို အဓမ္မ သိမ်းယူထားတဲ့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NMSP-AD

