မြဝတီ၊ ဇန်နဝါရီ ၂၄
ကရင်ပြည်နယ် မြဝတီမြို့ လုံခြုံရေးအတွက် အပစ်ရပ် ကရင်လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ DKBA နဲ့ KNU/KNLA PC တပ်ဖွဲ့တို့က တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကော်မရှင်တပ်ရဲ့ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်က ညွှန်ကြားလာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က မြဝတီမြို့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်မ ၂၂ တပ်မမှူးနဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA PC ၊ ကရင်နယ်ခြားစောင့်တပ် BGF ဆက်ဆံရေးရုံးအဖွဲ့တို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ တပ်မ ၂၂ တပ်မမှူးက အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ BGF တပ် နယ် ၁၊ တပ်နယ် ၂၊ တပ်နယ် ၃၊ တပ်နယ် ၄ က KNA လက်မောင်းတံဆိပ် တပ်ဆင်ထားသူတွေ မြဝတီမြို့ကနေ ထွက်ခွာပြီး တပ်နယ် ၂ မှာ ပြန်လည်နေထိုင်ထိုင်ရေး ဇန်နဝါရီ ၂၅ ရက်နေ့အပြီး နောက် ဆုံးထားဆောင်ရွက်ဖို့ ညွှန်ကြားခဲ့သလို စစ်တပ်ရဲ့ အကြောင်းကြားစာလည်း တခါတည်းပေးသွားတယ်လို့ သိရပါတယ်။
ဒါကြောင့် BGF တပ်ဖွဲ့ ထွက်ခွာပြီးပါက မြဝတီမြို့ လုံခြုံရေးကို အပစ်ရပ် ကရင်လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ DKBA နဲ့ KNU/KNLA PC တပ်ဖွဲ့တို့က တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တစ်ခါ တည်း ညွှန်ကြားသွားတာ ဖြစ်ပါတယ်။
ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က မြဝတီမြို့ ကာကွယ်ဖို့အတွက် အရင်ကတည်းက လက်နက်ကိုင်အဖွဲ့တွေအကြား သဘောတူညီမှု ရရှိထားပြီး ဒီကိစ္စဟာ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုသာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီဥစ္စာကတော့ အသစ်အဆန်းတော့ မဟုတ်ဘူး။ မြဝတီမှာရှိနေတဲ့ ကျွန်တော်တို့တပ်ဖွဲ့ဝင်မိသားစုတွေက သူတို့အချင်းချင်းပါပဲ။ အဖွဲ့အစည်း ဆုံးဖြတ်ချက်မရှိဘဲ သူတို့နေရာရဲ့ ပကတိလိုအပ်ချက်အရ မြဝတီလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရအောင်ဆိုပြီး BGF၊ PC ရယ်၊ DKBA ရယ်က အတူတကွ လိုအပ်ရင် လိုအပ်သလို အရင်ကတည်းက လုပ်လာကြတာပဲ။ ဒါကလည်းဒေသရဲ့လို အပ်ချက်ဖြစ်တယ်။ဒါကတော့ မြဝတီမြို့ လုံခြံရေးအတွက် အချင်းချင်း ညှိနှိုင်းဆောင်ရွက်တာလို့ပဲ နားလည်ပါတယ်”လို့ ဆိုပါတယ်။
လက်နက်ကိုင် လေးဖွဲ့ တွေ့ဆုံပွဲမှာ တပ်မ ၂၂ တပ်မမှူးက BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA ဖွဲ့စည်းမှုဟာ နိုင်ငံတော်ကနေ တရားဝင်ခွင့်ပြုပေးထားခြင်း မရှိတာကြောင့် မြို့ပေါ်မှာနေထိုင်ခွင့်မပြုဘူးလို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ် တိုက်ခိုက်ခံရပါက ပြန်လည်တုံ့ပြန်ဖို့အတွက် မြဝတီမြို့မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ဖို့ ပွိုင့်နေရာ ၁၈ နေရာ သတ်မှတ်ထားရှိတယ်လို့ တပ်မ ၂၂ တပ်မမှူးက ခြိမ်းခြောက်သွားတာပါ။
တဆက်တည်း မြဝတီမြို့အတွင်းရှိ DKBA နဲ့ KNU/KNLA PC တို့ရဲ့ တပ်ဖြန့်တည်နေရာ၊ တပ်ဖွဲ့ဝင်တစ်ဦးချင်းရဲ့ ဓာတ်ပုံ၊အမည်စာရင်းတွေကို ဇန်နဝါရီ ၂၄ ရက်နေ့ နောက်ဆုံးထားပေးပို့ဖို့ စစ်ကော်မရှင်တပ်ဘက်က ညွှန်ကြားထားပါတယ်။
တပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက် တောင်းခံတာဟာ လက်နက်ကိုင် ပဋိပက္ခတွေမှာ မှားယွင်းမှုတွေ မဖြစ်အောင် အချင်းချင်း ကြိုတင်ညှိနှိုင်းပြီး နားလည်မှု ရယူတာလို့ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောပါတယ်။
“အခု မြဝတီကိစ္စရပ်ကလည်း အစီအစဉ်ကတော့ ဘယ်လိုရှိမလဲ မသိဘူး။ ရှိလာခဲ့ရင် ဒီလိုမျိုးပဋိပက္ခတွေမှာ မပါဝင်တဲ့ လူတွေအနေနဲ့ အမှားမှားအယွင်းယွင်းတွေ မရှိအောင် အောက်ခြေမှာ ကြိုတင်ညှိနှိုင်းမှုရယူတာလို့ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်တယ်”လို့ ဆိုပါတယ်။
လက်ရှိ မြဝတီမြို့တွင်းမှာ KNA တပ်ဖွဲ့တွေ ရှိနေသေးပြီး လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ နောက်ပိုင်းမှာတော့ မြို့ထဲ KNA တပ်ဖွဲ့တွေ တွေ့ရှိပါက ပစ်မိန့်ပေးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုထားပါတယ်။
ကရင်အမျိုးသားတပ်မတော် KNA ဟာ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ပြောင်းလဲဖွဲ့စည်းခဲ့ကာ ဒီလိုပြောင်းလဲဖွဲ့စည်းလိုက်တဲ့နောက် စစ်တပ်က KNA အပေါ် တင်းကြပ်ကန့်သတ်တာတွေ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ် ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

