ကလေး၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း ကလေးအကျဉ်ထောင်မှာ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လာဘ်ယူပြီး အနိုင်ကျင့် ခေါင်းပုံဖြတ်တာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် PPNM ထံက သိရပါတယ်။

ကလေးအကျဉ်းထောင်ရှိ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ အကျဉ်းသားတွေကို ကွမ်းပေါင်းရောင်းချတာ အကျဉ်းသားတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပုံမှန်ထက် ဈေးသုံးဆ တင်ပြီး ရောင်းချတာ အကျဉ်းသားတွေအား ငွေညှစ်ကာ အခန်းပြောင်း အိပ်ဆောင်ပြောင်းတာတွေ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာပါ။

ဒ့ါအပြင် လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ ဘယ်သူကိုမဆို အပေါ်စီးမှဆက်ဆံပြီး သူရဲ့ မနက်စာ နေ့လည်စာနဲ့ ညစာတွေကို အကျဉ်းသားတွေရဲ့ ရိက္ခာထဲမှ ဖြတ်ယူစားသောက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်အများအပြားမှာ ထောင်အာဏာပိုင်တွေက လက်ပါးစေတွေကို အသုံးပြုပြီး အကျဉ်းသားတွေအပေါ် အမြတ်ထုတ်တာ၊ ခေါင်းပုံဖြတ်တာနဲ့ လာဘ်စားတာတွေ ဆိုးဆိုးဝါးဝါး ပြုလုပ်လာတယ်လို့ PPNM ရဲ့ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကလေးအကျဉ်းထောင်မှာ စားနပ်ရိက္ခာ လုံလောက်အောင် မပေးတော့တဲ့အပြင် ဖြတ်ယူစားသောက်တာတွေ ရှိနေပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ပေးပို့လာတဲ့ ပါဆယ်တွေကိုလည်း ထောင်အရာရှိတွေက ခေါင်းပုံ ဖြတ်စားနေတယ်လို့ သူကဆက်ပြောပါတယ်။

ထောင်ဝင်စာပါဆယ်တွေကို တာဝန်ယူသယ်ဆောင်ဖို့ လက်ထောက်ကြီးကြပ်ရေးမှူးရုံးက အ ကျဉ်းသား အောင်သန်းလှိုင်ကို လက်ပါးစေအဖြစ် အသုံးပြုပြီး လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးက စားသောက်လိုတဲ့ အစားအသောက်တွေကို ယူဆောင်ခိုင်းတာ ဖြစ်ပါတယ်။

လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ ရာထူးတစ်ပွင့်ကနေ နှစ်ပွင့်ကို ရာထူးတိုးသွားပြီးနောက် ကလေးအကျဉ်းထောင် စီမံကွပ်ကဲမှု ယန္တရားမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်နေသူတစ်ဦး ဖြစ်တယ်လို့ PPNM က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.