မော်လမြိုင်၊ ဇန်နဝါရီ ၂၂
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၈၀၀ ကျော် ကျူးလွန်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃၂၆ ဦး၊ ထိခိုက်ဒဏ်ရာရ ၄၁၄၆ ဦး ရှိပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား သေဆုံးမှု ၂၇၀ ကျော်နဲ့ အများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအတွင်း နေအိမ် ၃၅၀၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၂၃၀ နီးပါး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အထူးသဖြင့် စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင်တဲ့ ပြီးခဲ့တဲ့ သုံးလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀၀ ထက်မနည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေ၊ ကျန်မာရေးနဲ့ ပညာရေး အဆောက်အဦးတွေကို အများဆုံး ကျူးလွန်ခဲ့တာလို့ သုတေသနအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား ကျူးလွန်နေတဲ့ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နိုင်ငံတကာအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

