မော်လမြိုင် ၊ ဇန်နဝါရီ ၂၁

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ ထဲက သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံဟာ အောက်ဆုံးဆင့်နားမှာ ရောက်ရှိနေပါတယ်။

အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံထဲမှာ အိမ်နီးချင်းထိုင်းနိုင်ငံက ကမ္ဘာ့အဆင့် ၈၅ နဲ့ နံပါတ် ၂ ချိတ်ပြီး မြန်မာနိုင်ငံကတော့ ကမ္ဘာ့အဆင့် ၁၆၉ နဲ့ နံပါတ် ၁၀ မှာရှိကာ အဲဒီအောက်မှာတော့ ဗီ ယက်နမ်နိုင်ငံက အောက်ဆုံးအဆင့် နံပါတ် ၁၁ မှာ ရှိနေတာပါ။

၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညွန်းကိန်းဟာ အဆင့် ၁၃၉ ရှိခဲ့ပေမယ့် အာဏာသိမ်းမှု ၅ နှစ်တာအတွင်း သတင်းမီဒီယာတွေနဲ့ ပြည်သူတွေရဲ့ သတင်းသိရှိပိုင်ခွင့်အပေါ် စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် အဆင့် ၃၀ လောက် ကွာဟလာခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ဒီဂျစ်တယ်အခွင့်အရေး ဆုံးရှုံးမှုနဲ့ စစ်ကော်မရှင်ရဲ့ လုံခြုံရေးအရ စောင့်ကြည့်ခံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါကြောင့် သတင်းလွတ်လပ်ခွင့်နဲ့ သတင်းရယူပိုင်ခွင့်တွေဟာ စစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက် ပွဲအလွန်ကာလမှာလည်း အခြေအနေကောင်းသွားဖို့ မျှော်လင့်လို့မရပေမယ့် သတင်းတွေ ဆက်ပြီး ဖော်ထုတ်နေကြဦးမယ်လို့ ဆိုပါတယ်။

“ကျွန်တော်ထင်ပါတယ် ဒီဟာတွေက ပဋိပက္ခတွေနဲ့အတူ သတင်းရယူပိုင်ခွင့်တွေ အထူးသဖြင့် သတင်းသမားတွေကို ရည်ရွယ်ချက်ရှိရှိ သတင်းမလုပ်ရဲအောင် ကြီး‌လေးတဲ့ ပြစ်ဒဏ်တွေကတော့ ရွေးကောက်ပွဲပြီးရင်လည်း ဆက်ကြုံရဦးမှာပဲ။ ရုတ်တရက်ကြီး အများကြီး အခြေအနေကောင်းသွားမယ်လို့ အများကြီး မမျှော်လင့်ပါဘူး။ ဒါပေမယ့်လည်း ဒီလောက် ခက်ခဲတဲ့ကြားကနေပဲ ဒီသတင်းသမားတွေက ဒုက္ခမျိုးစုံပေါ့ဗျာ။အထူးသဖြင့် ဒိုနာ(အလှူရှင်)တွေက ပိုက်ဆံဖြတ် အဲဒီလို အငတ်အပြတ်ကြားထဲကပဲ သိသင့်တယ်ဆိုတဲ့ သတင်းတွေကို ဆက်ပြီးတော့ ဖော်ထုတ်ဦးမှာပါပဲ”လို့ ပြောပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီရဲ့ ကြေညာချက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း စစ်ကော်မရှင်ရဲ့ မီဒီယာဖိနှိပ်မှုတွေဟာ လွန်စွာပြင်းထန်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးနေတယ်လို့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှု ၅ နှစ်တာနီးပါးမှာ သတင်းသမား ဦးရေ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ စာရင်းအရ အမျိုးသမီး ၅ ဦးအပါအဝင် သတင်းသမား ၂၇ ဦးဟာ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

တစ်ဘက်မှာ စစ်ကော်မရှင်ရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ သတင်းသမား ၇ ဦး ရှိခဲ့ပြီး အဲဒီလူတွေဟာ သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က သတင်းမီဒီယာလုပ်ငန်း ၁၅ ခုရဲ့ လုပ်ငန်းလိုင်စင်တွေကိုလည်း ရုပ်သိမ်းခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြည်သူတွေကလည်း စစ်အာဏာသိမ်းချိန်ကစပြီး အင်တာနက်အပါအဝင် ဖုန်းလိုင်းသုံးစွဲခွင့်တွေနဲ့ အွန်လိုင်းအသုံးပြုရတဲ့ လူမှုမီဒီယာတွေအထိ သတင်းသိပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေမှာ ဒီကနေ့အထိ ကန့်သတ်ခံနေရပါတယ်။

မွန်ဒေသခံတစ်ဦးကတော့ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသိပိုင်ခွင့်နဲ့ပတ်သက်ပြီး Facebook မှာ VPN ကို တဆင့်ခံပြီး သုံးတဲ့အခါ ပြန်ချိတ်လိုက် ပြန်ပြုတ်လိုက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်သလို လူမှုမီဒီယာကို သုံးစွဲဖို့ ပိုပြီး ခက်ခဲလာတယ်လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

အာဏာသိမ်းမှုအတွင်း လူမှုမီဒီယာတွေပေါ်မှာ စစ်တပ်ကို ဆန့်ကျင်ဝေဖန်တာအပါအဝင် ရွေး ကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အွန်လိုင်းအသုံးပြုသူတွေ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရတာပါ။

ဒါ့အပြင် အသက်သွင်းထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေအရ အင်တာနက်ပေါ်က သတင်းတွေကို တန်ပြန်ဖို့နဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူနိုင်ဖို့ အင်တာနက်အသုံးပြုမှု ၂၄ နာရီစောင့်ကြည့်တဲ့ ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပါသေးတယ်။

ပြည်သူတစ်ဦးကလည်း လူမှုမီဒီယာပလက်ဖောင်းတွေ သုံးစွဲတဲ့အခါ တစ်ခုခု နှိပ်မိတာတို့ LIKE ပေးမိတာတို့မှာ ထောင်ကျတာတွေ ရှိနေတဲ့အတွက် အတော်လေး တင်းကြပ်တယ်လို့ ခံစားရကြောင်း သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်‌တော်တို့ နယ်မြို့ထဲတောင်မှ မြို့ကြီးပြကြီး မဟုတ်ပေမယ့် ဟိုဘက် (တော်လှန်ရေး) အဖွဲ့အစည်းက တင်တဲ့ပိုစ့်တစ်ခုကို like ပေးမိလို့ ထောင်ကျသွားတဲ့ ကျွန်တော်တို့ အသိထဲမှာတောင် ရှိတယ်။ အဲဒီလိုမျိုးအထိကို စောင့်ကြည့်ခံရတဲ့ သဘောပေါ့။ တကယ်လို့များ ဒီဟာကို မသမာတဲ့နည်းနဲ့ တစ်ယောက်ယောက်က တွန်းလိုက်ရင်လည်း အဲဒီအကောင့်နဲ့ အဲဒီဥပဒေနဲ့ ထောင်ကျတာပေါ့။ ဘာမှန်းမသိ တချို့က သုံးရင်းနဲ့ နှိပ်မိတာတို့ ဘာတို့ like ပေးမိတာတို့ဆို အဲဒါတွေနဲ့ ထောင်ကျတဲ့ အနေအထားကြီး ဖြစ်နေတော့ တော်တော်လေးကို တင်းတင်းကြပ်ကြပ်ကြီးကို ဖြစ်နေတာပေါ့နော်”လို့ ဆိုပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF အနေနဲ့ နှစ်စဉ် ကမ္ဘာ့သတင်းလွတ်လင့်ခွင့် အညွန်းကိန်းကို ထုတ်ပြန်တဲ့အခါ နိုင်ငံပေါင်း ၁၈၀ ရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေကို ၀ ကနေ ၁၀၀ အထိ အမှတ်ပေးပြီး အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။

ဒီအတွက် ညွန်းကိန်းဟာ သတင်းထောက်တွေ သတင်းဌာနတွေနဲ့ အင်တာနက်အသုံးပြုသူတွေ ရရှိတဲ့ လွတ်လပ်ခွင့်နဲ့ အာဏာပိုင်တွေက အဲဒီလွတ်လပ်ခွင့်အပေါ် ဘယ်လောက်အထိ လေးစားလိုက် နာလဲဆိုတာ တိုင်းတာထားတာပါ။

ဦးတိုးဇော်လတ်ကတော့ စစ်ကော်မရှင် မဟုတ်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အုပ်ချုပ်မှုအောက်က တာဝန်ရှိသူတွေအနေနဲ့လည်း သူတို့ ထိန်းချုပ်နယ်မြေက ပြည်သူတွေရဲ့ သတင်းရယူပိုင်ခွင့်ကို အသိ အမှတ်ပြုလေးစားပြီး သတင်းသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီအတွက် တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးသတင်း လုံခြုံရေးကိုလည်း အသိအမှတ်ပြုပြီး သတင်းသမားတွေရဲ့ သတင်းရယူပိုင်ခွင့်တွေကို ဆက်ပြီး မြှင့်တင်ဆောင်ရွက်ဖို့ ရှိသလို မြန်မာနိုင်ငံထဲက ဖြစ်ပျက်နေတဲ့ အမှန်တရားတွေကို ဖော်ထုတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံ ဆက်လက်အကောင်ထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံကနေ လက် နက်ကိုင် ပဋိပက္ခကြား သတင်းသမားတွေ လုံခြုံစွာ သတင်းရယူပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပိုင်ခွင့်တွေကို လေးစားအသိအမှတ်ပြုဖို့ တိုက်တွန်းတောင်းဆိုထားတာပါ။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ သတင်းထောက်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ ထောင်ဒဏ်ချမှတ်တာတွေကို ချက်ခြင်းရပ်တန့်ဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ သတင်းသမားတွေ ဘေးကင်းလုံခြုံရေးနဲ့ အကာအ ကွယ် ရရှိရေးအတွက် အလေးထားပြီး ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ ဆက်လက် ရှင်သန်ရေးနဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.