Myanmar's junta chief Min Aung Hlaing (C) arrives to vote at a polling station during the first phase of Myanmar's general election in Naypyidaw on December 28, 2025. (Photo by Sai Aung MAIN / AFP)

မော်လမြိုင် ၊ ဒီဇင်ဘာ ၃၁

အာဏာသိမ်းစစ်တပ်က ဦးဆောင်တဲ့ အပိုင်းလိုက် ရွေးကောက်ပွဲအလွန်မှာ ရွေးကောက်ခံအစိုးရအမည်ခံ စစ်တစ်ပိုင်းအစိုးရနဲ့ တော်လှန်ရေးအင်အားစုကြား နိုင်ငံရေးအရ အားပြိုင်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့က ၁၀၂ မြို့နယ်အတွင်း အပိုင်း ၁ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ နိုင်ငံတွေထဲမှာတော့ တရုတ်နဲ့ ရုရှားအပါအဝင် အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံနဲ့ နိုင်ငံတချို့က ကိုယ်စားလှယ်တွေ လာရောက်ခဲ့ကြတာပါ။

ရွေးကောက်ပွဲအတွက် ကျန်အပိုင်းတွေကိုလည်း စစ်တပ်က ဆက်လုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ နိုင်ငံတချို့ရဲ့ ထောက်ခံအားပေးမှုတွေ ရှိခဲ့တာကြောင့် ရလဒ်ထွက်လာတဲ့အချိန်မှာ အသွင်ပြောင်းအစိုးရတစ်ရပ်ကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဲဒီကနေ အခြားနိုင်ငံတွေရဲ့ ထောက်ခံမှု ရရှိဖို့ ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်တဲ့အနေနဲ့ တရားဝင်မှုနဲ့ ထောက်ခံမှုအားတွေ ရရှိအောင် ကြိုးစားသွားမယ့် သဘောရှိတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း အစုအဖွဲ့တွေကြား ပေါင်းစည်းနိုင်ရေးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအပါအဝင် လူထုရဲ့ ထောက်ခံမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြု ထောက်ခံကူညီမှုတွေကို ကြိုးစားရမှာပါ။

ဒါကြောင့် ဘက်နှစ်ဘက်ကြား လိုအပ်တဲ့ ထောက်ခံမှုတွေ ရရှိဖို့ ကြိုးစားဆောင်ရွက်မှုတွေဟာ ရေရှည်ယှဉ်ပြိုင်ရမယ့် သဘောမျိုးဖြစ်လို့ အကျိုးသက်ရောက်မှုတွေ ရှိသွားမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“တစ်ဘက်က ကြိုးစားတည်ဆောက်နေတဲ့ အသွင်ကူးပြောင်းရေး စစ်တပ်ကနေ အရပ်သားပုံစံပြောင်းထားတဲ့ အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြည်သူလူထုဘဝ လုံခြုံရေးတိုးတက်ဖွံ့ဖြိုးရေးတွေ သူတို့ ကြိုးစားရမှာ ဖြစ်တယ်။ အဲဒီ ကြိုးစားမှုနဲ့ ဒီဘက်က တော်လှန်ရေးကြိုးစားမှုက ဒါရေရှည်ယှဉ်ပြိုင်ရမယ့် ပွဲသဘောမျိုး ဖြစ်သွားတယ်။ အဲဒီအနေအထားမှာ တော်လှန် ရေးအစုအဖွဲ့တွေအနေနဲ့ ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ပတွေရဲ့ ထောက်ခံမှုအား သူတို့ဘယ်လောက်ရနိုင်မလဲ။ ပြီးရင် ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံသားတွေရဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ သူတို့ ထိန်းထားနိုင်မလဲဆိုတဲ့ဟာပေါ် မူတည်ပြီးတော့ အားသာချက် အားနည်းချက်တွေ အကျိုးသက်ရောက်မှုတွေ ရှိသွားမှာဖြစ်တယ်” ဆိုပါတယ်။

ကျင်းပပြီးစီးသွားတဲ့ အပိုင်း ၁ ရွေးကောက်ပွဲမှာ ရလဒ်ကို တရားဝင် မကြေညာသေးပေမယ့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်နေတယ်လို့ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြနေကြတာပါ။

အဲဒီ ပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ကြတဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေဟာ မဲရေတွက်မှုရလဒ်အရ အနိုင်ရရှိခဲ့သလို စစ်ကော်မရှင်ခန့် ပြည်ထောင်စုဝန်ကြီးနဲ့ ဝန်ကြီးချုပ်တချို့လည်း ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ကာ အနိုင်ရရှိခဲ့ကြပါတယ်။

လေ့လာသူတွေကတော့ နိုင်ငံရေးအာဏာတည်ဆောက်ဖို့ အဓိက လိုအပ်တဲ့ ပုံစံမျိုးဖြစ်အောင် အထူးသဖြင့် စစ်တပ်နဲ့ နီးစပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိအောင် စီစဉ်ထားတာလို့ ထောက်ပြကြပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲရဲ့ ဟာကွက်တွေ လူထုသဘောထားတွေအပေါ် လွှတ်တော်နဲ့ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်လာသည့်တိုင် စစ်အာဏာရှင်တွေ အလိုကျ ကပြရတဲ့ ရုပ်သေးအစိုးရနဲ့ စစ်တစ်ပိုင်းအစိုးရသာဖြစ်တယ်လို့ ဝေဖန်နေကြတာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က အပိုင်းလိုက်ရွေးကောက်ပွဲတွေအပြီး လွှတ်တော်နဲ့ အစိုးရတစ်ရပ်ပေါ်လာရင် တော်လှန်ရေးအနေအထားဟာ ပုံစံပြောင်းသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒီအပေါ်မှာ ကမ္ဘာ့နိုင်ငံတွေရဲ့ စိတ်ဝင်စားမှု ခေါင်းစဉ်ပြောင်းသွားမှာကတော့ တော်လှန်ရေးဆိုတာထက် တရားဝင်အစိုးရ တရားမဝင်အစိုးရဆိုတဲ့ ခေါင်းစဉ်တွေထက် အဲဒီခေါင်းစဉ်တွေကကျန်ခဲ့ပြီး ပေါ်လာမှာက မြန်မာပြည် ငြိမ်းချမ်းရေး၊ တိုက်ပွဲတွေ ရပ်တန့်ရေးဆိုတဲ့ နယ်မြေပိုင်းခြားသတ်မှတ်ရေး နောက်တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒီလိုခေါင်းစဉ်တွေ အဓိကတော့ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က ဒီလိုခေါင်းစဉ်တွေနဲ့ ဆက်ပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအရွေ့က ဆက်သွားနေမယ်လို့ ထင်တယ်”လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို စစ်အာဏာရှင်တွေက သိမ်း ယူခဲ့မှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းမှုတွေကနေ မြန်မာနိုင်ငံမှာ လက် နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီကနေ နိုင်ငံတဝန်း စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေနဲ့အတူ ပြည်တွင်းစစ်မီးဟာ တဟုန်းဟုန်း တောက်လောင်လာခဲ့ပြီး ရှမ်းမြောက်မှာ ဖြစ်ပွားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်တပ်အရှိုက်ကို ထိုးနှက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် တရုတ်အစိုးရက မြန်မာ့အရေးကို လူသိရှင်ကြား ပြည်တွင်းရေးဆိုပြီး ထုတ်ပြောကာ နောက်ကွယ်မှာတော့ နယ်စပ်တည်ငြိမ်ရေးအကြောင်းပြကာ ကြားဝင်ညှိနှိုင်းမှုခေါင်းစဉ်နဲ့ ဝင်ရောက်စွက်ဖက်လာတာပါ။

အဲဒီကနေ အပိုင်းလိုက် ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်လာပြီး ဒါဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြားမှာ ထားရှိတဲ့ သဘောတူညီမှုလို့ တရုတ်အထူးကိုယ်စားလှယ်က ပြောကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် စစ်တပ်ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

အခုရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ အောင်မြင်တယ်လို့ ယူဆကြောင်း အပိုင်း ၁ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက သဘောထား မှတ်ချက်ပြုခဲ့တာပါ။

နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ မြန်မာပြည်သူအများစုဟာ ရွေးကောက်ပွဲကို မထောက်ခံကြဘဲ သပိတ်မှောက်ထားကြပြီး မဲလာပေးသူတွေကလည်း အင်တာဗျူး မဖြေဆိုရဲကြသလို ဖိအားကြောင့် မဲလာပေးသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် အရင်ရွေးကောက်ပွဲလိုမျိုး ဒီမိုကရေစီကို အသက်သွင်းမယ့် မျှော်လင့်ချက် အရိပ်အ ယောင်တွေ မတွေ့နေဘူးလို့ မဲရုံတွေမှာ ပြည်သူတချို့ ဆန္ဒမဲပေးခဲ့မှုကို နိုင်ငံတကာသတင်းမီဒီယာတွေက တင်ဆက်ခဲ့ကြတာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် စစ်တစ်ပိုင်းအစိုးရအနေနဲ့ တရားဝင်မှုဆိုင်ရာ ကမ်ပိန်းတွေ အများကြီးလုပ်လာမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အထူးသဖြင့်တော့ ရွေးကောက်ပွဲအလွန် သူတို့ရဲ့ တရားဝင်မှု Legitimacy နဲ့ ပတ်သက်လို့ နည်းမျိုးစုံနဲ့ ပြည်တွင်းရော ပြည်ပရော ပိုပြီးတော့ ထိုးဖောက်လာမယ်။ အထူးသဖြင့်တော့ ဒေသတွင်းပေါ့ဗျာ။တရုတ်တို့ဘာတို့တော့ ထားပါတော့ နဂိုကတည်းက ထောက်ခံပြီးသား။ တခြားအာဆီယံဆိုရင် အဖွဲ့လိုက် မလွှတ်သေးဘူး။သူတို့တွေကို လိုက်ချဉ်းကပ်မယ်။ ပြီးရင် သူတို့ဟာ (စစ်တစ်ပိုင်းအစိုးရ) တရားဝင် အရွေးခံအစိုးရပါဆိုတဲ့ လှုပ်ရှားမှုတွေ ပိုများလာမယ်။ နောက်တစ်ခါ မြန်မာ Narrative လိုမျိုး Tink Tank နာမည်ခံပြီးတော့ ပြန်ကြားရေးအောက်က လုပ်လာတဲ့ဟာတွေ လုပ်မယ်”လို့ ဆိုပါတယ်။

NUG နဲ့ NUCC တို့ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့ သဘောထားကို ရွေးကောက်ပွဲအလွန်ကာလအထိ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပေးဖို့နဲ့ အဲဒီရွေးကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြုဖို့ တိုက်တွန်းထားတာပါ။

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအပေါ် ပူးပေါင်းဆောင်ရွက်မှုနဲ့ ထောက်ပံ့မှုတွေဟာ လူထုအပေါ် အကျိုးဖြစ်ထွန်းမှု၊ တည်ငြိမ်မှုနဲ့ ပထဝီနိုင်ငံရေးအရ တိုးတက်တည်ငြိမ်မှုတွေကို ကြည့်ပြီး ဘယ်လိုအကျိုးရလဒ်ရှိနိုင်မလဲဆိုတာ တွက်ချက်ကြတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း ပထဝီနိုင်ငံရေးအပြောင်းအလဲ၊ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ ထောက်ခံကူညီမှု ရပ်တည်မှုတွေအပေါ် မူတည်ပြီး နိုင်ငံရေးလမ်းကြောင်းတွေကို စဉ်းစားဆုံးဖြတ်ရမယ်လို့ လေ့လာသူတွေက အကြုံပြုပါတယ်။

အလားတူ စစ်တပ်ဘက်က နိုင်ငံရေးအရ ပြောင်းလဲမှုတွေကို ဖော်ဆောင်လာချိန်မှာ အဲဒါတွေနဲ့ လိုက်လျောညီထွေမယ့် နိုင်ငံရေးဆုံးဖြတ်ချက်တွေကို တော်လှန်ရေးအင်အားစုတွေက ချမှတ်ရမယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

ဒီအတွက် တစ်ဘက်နဲ့ တစ်ဘက်ကြား ပေါင်းကူးဆက်ဆံရေးပလက်ဖောင်းတွေ ပေါ်ပေါက်လာရင် ပါဝင်နေကြတဲ့ အစုအဖွဲ့တွေရဲ့ မတူညီတဲ့ ရပ်တည်ချက်တွေအပေါ် မူတည်ပြီး တော်လှန်ရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အပြောင်းအလဲရှိသွားနိုင်မယ်လို့ သူက မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.