မြဝတီ၊ ဇွန် ၁၇
မြဝတီနယ်စပ် စစ်ဆေးရေးဂိတ် ပြန်လည် ဖွင့်လှစ်မှုကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးအားကောင်းလာမယ်လို့ မျှော်လင့်ကြောင်း ထိုင်း ပြည်ပကုန်သွယ်ရေးဌာန DFT က ပြောလိုက်ပါတယ်။
မဲဆောက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၂ ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကတည်းက ပိတ်ထားခဲ့ပြီးနောက် မြန်မာဘက်က မေ ၂၈ ရက်မှာ ပြန်လည် ဖွင့်လှစ်ခဲ့တာပါ။
DFT ညွှန်ကြားရေးမှူးချုပ် အရာဒါ ဖူအန်တွန်က အဲဒီ စစ်ဆေးရေးဂိတ် ပြန်လည် ဖွင့်လှစ်မှုဟာ နယ်စပ် ကုန်သွယ်ရေးအတွက် အပေါင်းလက္ခဏာဆောင်တယ်လို့ ပြောပါတယ်။
အဲဒီ လမ်းကြောင်းဟာ မြန်မာနိုင်ငံရှိ အဓိကကျတဲ့ စီးပွားရေးဒေသတွေအတွက် အဓိက လမ်းကြောင်း ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဝယ်လိုအား မြင့်မားတဲ့ စားသုံးသူ ထုတ်ကုန်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ မော်တော်ယာဉ်နဲ့ ဆက်စပ် အစိတ်အပိုင်းတွေ တခြား ပစ္စည်းတွေကို ထိုင်းကုန်သည်တွေ ပြန်လည် တင်ပို့နိုင်တော့မှာ ဖြစ်တယ်လို့ မစ္စစ် အရာဒါက ပြောပါတယ်။
နယ်စပ် စစ်ဆေးရေးဂိတ် ပြန်လည် ဖွင့်လှစ်မှုကြောင့် ပို့ဆောင်ရေးဆိုင်ရာ ပိုမို ထိရောက်မှု ရှိလာမှာ ဖြစ်သလို ပို့ဆောင်ရေးစရိတ်လည်း အများကြီး လျော့ကျသွားနိုင်တယ်လို့ သူက ပြောပါတယ်။
နယ်စပ် ကုန်သွယ်ရေး ပြန်လည် ကောင်းမွန်လာဖို့က မြန်မာရဲ့ သွင်းကုန် ထိန်းချုပ်မှု အစီအစဉ်တွေအပေါ် အများကြီး မူတည်နေတယ်လို့ မစ္စစ် အရာဒါက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်တင်သွင်းမှု လိုင်စင်စနစ်ဟာ ကုန်တင်သွင်းသူတွေရဲ့ ပို့ကုန်တွေက ရတဲ့ ဝင်ငွေနဲ့ ဆက်စပ်နေတာပါ။
မြန်မာနိုင်ငံထဲကို ကုန်တင်သွင်းလိုတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကုန်တင်ပို့မှုက ရရှိတဲ့ လုံလောက်တဲ့ဝင်ငွေ မျှခြေရှိဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ခွင့်ပြုရေး လုပ်ငန်းစဉ်တွေ ကြန့်ကြာနေရပြီး တချို့ ပစ္စည်းတွေကို တစ်ခုချင်းစီ တင်သွင်းခွင့် ပြုပေးရတာတွေ ရှိနေတယ်လို့ ထိုင်း ပြည်ပကုန်သွယ်ရေးညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ပို့ဆောင်ရေးဆိုင်ရာ ဖိအားတွေနဲ့ သွင်းကုန်တွေအပေါ် ဥပဒေဆိုင်ရာ တားမြစ်မှုတွေ ပြေလျှော့လာတော့မယ်လို့ သူက ပြောပါတယ်။
ပြည်ပငွေလဲလှယ်မှု စီမံခန့်ခွဲရေး မူဝါဒတွေ၊ ကုန်တင်ပို့မှုရတဲ့ ဝင်ငွေ မျှခြေစနစ်တို့ဟာ မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကဏ္ဍရဲ့ ဝယ်ယူနိုင်စွမ်းနဲ့ ကုန်တင်သွင်းမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ အပေါ် အများကြီး လွှမ်းမိုးမှု ရှိတယ်လို့ မစ္စစ် အရာဒါက ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ နှစ်နိုင်ငံကြား ကုန်သွယ်မှု စုစုပေါင်းတန်ဖိုး ဘတ် ၆၀ ဒသမ ၈ ဘီလီယံ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတန်ဖိုးဟာ အရင်ကထက် ၁၄ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့တာ ဖြစ်ပြီး ထိုင်းက မြန်မာသို့ ကုန်တင်ပို့မှု တန်ဖိုး ၃၇ ဒသမ ၉ ဘီလီယံ ရှိခဲ့ပြီး မြန်မာက ထိုင်းသို့ ကုန်တင်ပို့မှု တန်ဖိုး ဘတ် ၂၂ ဒသမ ၉ ဘီလီယံရှိခဲ့တာ ဖြစ်ပါတယ်။
မဲဆောက် စစ်ဆေးရေးဂိတ်ကတဆင့် ကုန်သွယ်မှု တန်ဖိုး စုစုပေါင်း ဘတ် ၁၈ ဒသမ ၂ ဘီလီယံ ရှိပြီး အရင်နှစ်ကထက် ၃၉ ဒသမ ၈ ဘီလီယံ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြား ကုန်တင်ပို့မှုရော တင်သွင်းမှုတွေပါ လျော့ကျခဲ့တာ ဖြစ်ပြီး နယ်စပ် ပိတ်ထားရတာကြောင့် အဲဒီ အခြေအနေကြုံခဲ့ရတာ ဖြစ်တယ်လို့ ထိုင်း ပြည်ပကုန်သွယ်ရေး ဌာနက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး အစီအစဉ်တွေ၊ နိုင်ငံခြားငွေ လဲလှယ်ရေး မူဝါဒတွေ၊ နယ်စပ် ကုန်သွယ်မှု ထိန်းချုပ်ရေး အစီအစဉ်တွေကို အဲဒီ ဌာနက စောင့်ကြည့်သွားမယ်လို့ ပြောဆိုထားပါတယ်။
Ref:Bangkokpost

