ဘန်ကောက်၊ ဇွန် ၁၇

မြန်မာ-ထိုင်း နယ်စပ်က နာမည်ကျော် သေမင်းတမန်ရထားလမ်းကို ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ်အဖြစ် သတ်မှတ်ခံရရေး အဆိုပြုမှုကို ထောက်ခံ ကူညီသွားဖို့ အသင့်ရှိကြောင်း ထိုင်းသဘာဝ ရင်းမြစ်များနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန MNRE က တရားဝင် ကြေညာလိုက်ပါတယ်။

ကမ္ဘာစစ်ကာလက ဂျပန် အင်ပါယာ တည်ဆောက်ခဲ့တဲ့ ထိုင်းနိုင်ငံထဲ ကျန်သေးတဲ့ အဲဒီသေမင်းတမန်ရထားလမ်းဟာ ကန်ချနဘူရီခရိုင်မှာ တည်ရှိတာ ဖြစ်ပါတယ်။

အဲဒီ ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အမျိုးသား ဥယျာဉ်များ၊ တောရိုင်းတိရိစ္ဆာန်များနဲ့ သစ်ပင်ပန်းမန် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် အသာပို ချာရူအန် ချွန်ဆာက ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ အခုလိုမျိုး ရှင်းလင်း ပြောဆိုလာတာပါ။

ထိုင်းနိုင်ငံ အနောက်ပိုင်းရှိ အဲဒီ နေရာကို ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် စာရင်းဝင် ဖြစ်အောင် လုပ်ပြီး ထိုင်းက ကမ္ဘာလှည့်ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေဖို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကန်ချာနာဘူရီမှာရှိတဲ့ အဲဒီ ရထားလမ်းဟာ အမျိုးသား ဥယျာဉ်ဒေသမှာ တည်ရှိတာကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အားလုံး ပူးပေါင်းပြီး ကမ္ဘာ့ သမိုင်းဝင် နေရာအဖြစ် သတ်မှတ်ခံရရေး ကြိုးပမ်းသွားမယ်လို့ သူက ပြောပါတယ်။

သေမင်းတမန် ရထားလမ်းဟာ ဆိုင်ယော့ခ် အမျိုးသား ဥယျာဉ်နဲ့ သောင်ဖာဖွန် အမျိုးသား ဥယျာဉ်တို့ကို ချိတ်ဆက်ထားပြီး စန်ခဘူရီမြို့မှာ ရှိတာကြောင့် အဲဒီ အဆိုပြုချက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနဆီ တင်ပြသွားမှာ ဖြစ်ကြောင်း ချာရူအန် ချွန်ဆာက ပြောပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ သမိုင်းဝင် အမွှေအနှစ်စာရင်း ကော်မတီဆီ မတင်ပြခင် ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်း လုပ်ဆောင်ရမယ့် ကိစ္စတွေ အများကြီး ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

အဲဒီ ရထားလမ်း ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်အဖြစ် သတ်မှတ်ခံရရင် အကျိုးအမြတ်ကို မျှဝေခံစားရမှာ ဖြစ်တယ်လို့ သူက ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

ထိုင်းက အဲဒီ ရထားလမ်းအားတည်ရှိရာ ဒေသကို ကနဦး စစ်တမ်းကောက်ဦးမှာ ဖြစ်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနထံ တင်ပြ ညှိနှိုင်းပြီးနောက် ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ် စာရင်းဝင်ရေး တရားဝင် လျှောက်ထားမှာ ဖြစ်ပါတယ်။

Ref:TheNationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.