ဟိုချီးမင်၊ ဇွန် ၁၇
ကြောင်တွေကို ခိုးယူတဲ့ဂိုဏ်းကို အာဏာပိုင်တွေ ဖြိုခွင်းလိုက်ပြီးနောက် ဗီယက်နမ်မှာ သတ်ဖြတ်ဖို့ စီစဉ်ထားတဲ့ ကြောင်ကောင်ရေ ၄၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။
ကြောင်တွေကို ခိုးယူစုဆောင်းရာမှာ အထူးကျွမ်းကျင်သူတွေလို့ ရဲတပ်ဖွဲ့က ပြောတဲ့ ရာဇဝတ်ကောင်အဖွဲ့နဲ့ ဆက်စပ်သူ ၉ ဦးကို ဖမ်းဆီးထားတယ် ဟိုချီးမင် စီးတီးမြို့ ရဲတပ်ဖွဲ့ရဲ့ တရားဝင် သတင်းစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဟိုချီးမင်းစီးတီးနဲ့ တေနင်းပြည်နယ်မှာ စီးနင်းမှုတွေအတွင်း ရဲတပ်ဖွဲ့က ကြောင်အရှင် အကောင် ၄၀၀ ကျော်နဲ့ ရေခဲစိမ်ထားတဲ့ ကြောင်အသေ ၈၀ ကို ရှာတွေ့ခဲ့ပါတယ်။
နောက်ထပ် ကြောင် ၂၁ ကောင်ကိုတော့ သီးခြား အဆောက်အဦ တစ်ခုမှာ ရှာတွေ့ပြီး ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဗီယက်နမ်မှာ ကြောင်သားနဲ့ ခွေးသားစားသုံးမှုဟာ တရားဝင် ဖြစ်ပေမယ့် ရောင်းချသူတွေ အနေနဲ့ သူတို့ရဲ့ ရောင်းချတဲ့ တိရစ္ဆာန်တွေရဲ့ မူလနေရာကို ပြသထားတဲ့ ပါမစ် လိုအပ်ပါတယ်။
ဟိုချီးမင် စီးတီးမှာ အိမ်မွေးတိရစ္ဆာန်တွေ ခိုးယူမှုကို စုံစမ်း စစ်ဆေးပြီးနောက် အဲဒီ ကြောင်သူခိုးဂိုဏ်းကို ရဲတပ်ဖွဲ့က ခြေရာခံ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်ကျော်အတွင်း ဗီယက်နမ်တောင်ပိုင်းတဝှမ်း ကြောင်တွေကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ သံသယရှိသူတွေက ထွက်ဆိုထားပါတယ်။
သူခိုးတွေက ကြောင်တွေကို ဖမ်းပြီး ထိန်းချုပ်ထားတဲ့ နေရာ တစ်ခုဆီ ပို့ဆောင်ပြီးမှ တဆင့်ပြန်လည် ရောင်းချတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီလို ရောင်းချမှုတွေဟာ ၂ ရက်၊ ၃ ရက် တစ်ကြိမ်စီ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ခိုးယူခံထားရတဲ့ ကြောင်ကောင်ရေ ၄၀ ကတော့ ပိုင်ရှင်တွေဆီ ပြန်ရောက်သွားပြီလို့ သိရပါတယ်။
တိရိစ္ဆာန် စောင့်ရှောက်ကာကွယ်ရေး အဖွဲ့က အာဏာပိုင်တွေရဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်မှုကို ချီးကျူးထားပြီး ကြောင်တွေ အများကြီးရဲ့ အသက်ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။
ရဲတပ်ဖွဲ့က အဲဒီ ကိစ္စကို ဆက်လက် စုံစမ်း စစ်ဆေးနေပြီး ကြောင်ပျောက်ဆုံးသူတွေအနေနဲ့ ကြောင်တွေ ပြန်လာရွေးကြဖို့လည်း ကြေညာထားပါတယ်။
ဗီယက်နမ်မှာ တစ်နှစ်ကို ခွေးကောင်ရေ ၅ သန်း၊ ကြောင်ကောင်ရေ ၁ သန်း ဖမ်းဆီး၊ ခိုးယူ၊ မှောင်ခိုကူးပြီး သတ်ဖြတ် ရောင်းချခံနေရတယ်လို့ တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့တွေက ပြောပါတယ်။
နေအိမ်တွေကနေ ခိုးယူမှု အများဆုံး ဖြစ်ပြီး ခွေးတွေကို အဆိပ်ဆူးနဲ့ ပစ်ဖမ်းတာ ဖြစ်ပြီး ကြောင်တွေကိုတော့ ကျော့ကွင်းထောင်ဖမ်းဆီးတာ ဖြစ်တယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။
တခြား အာရှနိုင်ငံတွေထက် ခွေးသား၊ ကြောင်သား စားသုံးမှု ဗီယက်နမ်မှာ မြင်တွေ့နေကျ ဖြစ်နေဆဲ ဆိုပေမယ့် လူတွေ သဘောထား ပြောင်းလာကြပြီလို့ တိရိစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။
အထူးသဖြင့် လူငယ်တွေနဲ့ အိမ်မွေး တိရိစ္ဆာန်ရှိသူတွေက ကြောင်သား၊ ခွေးသားစားသုံးမှုကို ကန့်ကွက်နေကြတယ်လို့ သိရပါတယ်။
Ref:BBC

