မော်လမြိုင်၊ ဇွန် ၁၇
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပေမယ့် ပြည်နယ်စစ်အစိုးရအဖွဲ့က အဖြေမပေးနိုင်ခဲ့ပါဘူး။
မနေ့ ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ဦးသန့်ဇော်က ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံနေမှုအပေါ် ထိရောက်စွာ အရေးယူပေးဖို့ မေးခွန်းမေးမြန်းခဲ့တာပါ။
မေးခွန်းရှင်က တရားမဝင် စစ်ဆေးရေးဂိတ်တွေနဲ့ တရားဝင် စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုကြောင့် ပြည်သူတွေဟာ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ စားဝတ်နေရေး အကျပ်းအတည်ကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
အခုလို နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှုအားနည်းမှုကြောင့် ပြည်သူတွေ စားဝတ်နေရေး ဒုက္ခရောက်နေချိန်မှာ ကုန်သွယ်ရေးလမ်းကြောင်းတွေရှိ စစ်ဆေးရေးဂိတ်တွေ၊ စစ်ဆေးရေးအဖွဲ့တွေ၊ လုံခြုံရေးအဖွဲ့တွေအနေနဲ့ ငွေကြေးအလွန်အကျွံတောင်းခံနေမှု မပြုလုပ်သင့်ဘူးလို့ မေးခွန်းရှင်က ထောက်ပြထားပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံနေမှုဟာ နိုင်ငံတော်အတွက် အခွန်အကောက်တစ်ပြားတစ်ချပ်မှ မရရှိဘဲ လမ်းကြောင်းတလျှောက် တောင်းရမ်းစားသောက်နေကြသူတွေသာ ချမ်းသာသုခတွေ ပြည့်စုံနေကြတာကို တွေ့မြင်ရတယ်လို့ မေးခွန်းရှင်က ဝေဖန်ထားပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး နိုင်လယိတမက ပြည်နယ်အတွင်းမှာ စစ်ဆေးရေးဂိတ်ပေါင်း ၄၀ ဖွင့်လှစ်ထားပြီး အဲဒီစစ်ဆေးရေးဂိတ်တွေမှာ တရားမဝင်ကုန်ပစ္စည်း သယ်ဆောင်မှုအပေါ် ဌာနစုံပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ ပြောပါတယ်။
အရေးယူမှုအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ အကောက်ခွန်မဲ့ ပစ္စည်း သယ်ဆောင်မှုအပေါ် ငွေကြေးယူပြီး ဖြတ်သန်းခွင့်ပြုခဲ့တဲ့ အကောက်ခွန် ဝန်ထမ်း ၈ ဦးကို ကျိုက်ထိုမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။
တရားမဝင် စစ်ဆေးရေးဂိတ်တွေနဲ့ တရားဝင် စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် ဘယ်လို အရေးယူဆောင်ရွက်သွားမလဲဆိုတဲ့ မေးခွန်းရှင်ရဲ့ ထပ်ဆင့်မေးမြန်းမှုကို စစ်အစိုးရ ဝန်ကြီး နိုင်လယိတမက စာနဲ့သာ ပြန်လည်ဖြေဆိုပေးမယ်လို့ ပြောဆိုသွားပါတယ်။
သတင်း – သံလွင်တိုင်းမ်

