မော်လမြိုင်၊ ဇွန် ၁၇

မော်လမြိုင် ခရိုနီ ဦးမိုးကျော်နဲ့ အရင် ပြည်နယ် စစ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်း ကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော်မှာ မေးခွန်းမေးမြန်းခံခဲ့ရပါတယ်။

ဒီမေးခွန်းကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်က မနေ့ ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

မေးခွန်းရှင်က ကျူးကျော်မြေတွေကို သိမ်းဆည်းပြီး ကျဆုံးစစ်သား မိသားစုဝင်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေအား မြေကွက်ချပေးမယ်ဆိုတဲ့ ဒီစီမံကိန်းဟာ ပွင့်လင်းမြင်သာ မရှိသလို အများပြည်သူတွေရဲ့ ဝေဖန်စရာ ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

ဒီမေးခွန်းကို မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ရဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်က ဒီစီမံကိန်းကို အရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး မြေနေရာ ချထားမှုကို အရင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဥက္ကဋ္ဌ ၊ လက်ရှိ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာပါ။

နိုင်ငံ့ဝန်ထမ်းတွေကို မြေကွက်ချပေးရမှာ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ဆဲ ၁၀ နှစ်ပြည့်သူ၊ တာဝန်ထမ်းဆောင်ဆဲ အသက် ၅၉ နှစ် ၁၀ လမှ ၆၂ နှစ် ပြည့်သူ၊ လုပ်သက် အနည်းဆုံး ၂၅ ပြည့်သူတွေကို မြေကွက်ချပေးခဲ့တယ်လို့ ဆိုပါတယ်။

မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်းကနေ နိုင်ငံ့ဝန်ထမ်းတွေကို မြေကွက်ပေါင်း ၁၃၀၃ ကွက် ချထားပေးတဲ့အတွက် ဝန်ထမ်းတွေကို ထပ်ချပေးစရာ မြေကွက် မရှိတော့ဘူးလို့ ဒေါက်တာ အောင်မြတ်ကျော်စိန်က ပြောပါတယ်။

မေးခွန်းရှင်ကတော့ လှိုင်ရတနာမြို့သစ် စီမံကိန်းကနေ မြေကွက်ချထားပေးမှု သတ်မှတ်စံနှုန်း၊ ချထားပေးပြီးမြေကွက်တွေနဲ့ လက်ကျန်မြေကွက် အခြေအနေ မေးမြန်းရာမှာ ဒေါက်တာ အောင်မြတ်ကျော်စိန်က စာနဲ့ပြန်လည် ဖြေဆိုပေးမယ်လို့ ကတိပြုသွားပါတယ်။

လှိုင်ရတနာမြို့သစ် စီမံကိန်းဟာ ကျဆုံးစစ်သာ မိသားစုဝင်တွေနဲ့ ဝန်ထမ်းတွေကို ပေးဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ စီမံကိန်းက ဖော်ထုတ်ခဲ့တဲ့ မြေကွက်တွေကို မော်လမြိုင် ခရိုနီ ဦးမိုးကျော်နဲ့ အရင်ပြည်နယ် စစ်ကောင်စီ တာဝန်ရှိသူတွေက သိန်းထောင်ချီနဲ့ ပြန်လည်ရောင်းစားခဲ့ပါတယ်။

မော်လမြိုင် လှိုင်ရတနာမြို့သစ်စီမံကိန်းမှ ဖော်ထုတ်လိုက်တဲ့ မြေကွက်ပေါင်း ထောင်ချီကို ဇုန် A ၊ B နဲ့ C အဖြစ် အမျိုးအစား သုံးမျိုး ခွဲခြားသတ်မှတ်ပြီး ဇုန်အလိုက် မြေကွက်တစ်ကွက်ကို သိန်း ၇၅၀ ကနေ သိန်း ၄၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.