မော်လမြိုင်၊ ဇွန် ၁၈

မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ပြန်မရွေးဘဲ လက်သိပ်ထိုး ခန့်အပ်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပြန်ခန့်ရာမှာလည်း အရင် အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေအပေါ် အလုပ်အကျွေး ပြုနေတဲ့ ထောက်ခံသူတွေကိုသာ ခန့်အပ်နေတာပါ။

၂၀၁၂ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ အစိုးရအသစ်အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အများပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည်ရွေးကောက် တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေးသမား တစ်ဦးက အုပ်ချုပ်ရေးမှူးတွေ ပြန်မရွေးဘဲ လက်သိပ်ထိုး ပြန်ခန့်မှုဟာ ဥပဒေကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်မှု ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဘီးလင်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီက မေးခွန်းမေးမြန်းခဲ့တာပါ။

ဒီမေးခွန်းကို မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း ရွေးချယ်သွားမယ်လို့ ပြောဆိုခဲ့ပေမယ့် ရွေးချယ်ဆောင်ရွက်မယ့် အချိန်ကာလနဲ့ လုပ်ငန်းစဉ်ကို ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။

ပြည်နယ် စစ်အစိုးရအဖွဲ့နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ မြို့နယ်အများစုမှာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ခန့်အပ်လိုက်ပြီး မွမ်းမံသင်တန်းတွေလည်း ပေးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပြန်လည် ပြင်ဆင်ခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ရာထူး သက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ့ ရာထူး သက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြဌာန်ထားပါတယ်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ နိုင်ငံတော် သမ္မတရဲ့ သက်တမ်းသစ် ကာလမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အသစ် ရွေးချယ် တာဝန် ပေးပြီးတဲ့ အချိန်အထိ တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပြီး လုပ်ငန်း တာဝန်တွေကို စနစ် တကျ လွှဲပြောင်း ပေးရမှာ ဖြစ်တယ်လို့ ဥပဒေမှာ ပါရှိပါတယ်။

မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာတော့ ရပ်ကွက်ကျေးရွာအုပ်စု ၄၆၈ အုပ်စုရှိပြီး ကျေးရွာ ၁၁၄၇ ရွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပေမယ့် ပြည်နယ်စစ်အစိုးရအဖွဲ့ကတော့ အုပ်ချုပ်ရေးမှူးတွေကို အများပြည်သူဆန္ဒနဲ့အညီ ပြန်လည်ရွေးချယ်ဖို့ ပျက်ကွက်နေတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.