ဘေကျင်း ၊ ဇွန် ၁၈

အသွင်ပြောင်းစစ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့နိုင်ရေး တရုတ်အစိုးရက ထောက်ခံပေးနေပြီး အာဏာသိမ်း သမ္မတကလည်း မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အကျိုးစီးပွားကို အကာအကွယ်ပေးသွားမယ်လို့ အာမခံခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတဖြစ်လာတဲ့ အာဏာသိမ်း ခေါင်းဆောင် ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံကို ဇွန် ၁၅ ရက်နေ့မှာ စတင်ရောက်ရှိခဲ့ပြီး ၁၆ ရက်နေ့မှာတော့ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းအပါအဝင် နယ်စပ်ကုန်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ နယ်စပ်တည်ငြိမ်ရေ ငြိမ်းချမ်းရေးနဲ့ ကျားဖြန့်တိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ထားတာပါ။

ဦးမင်းအောင်လှိုင်က တရုတ်ကို လာရတဲ့ အဓိက ရည်ရွယ်ချက်ထဲမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းမှု မြှင့်တင်ရေး ၊ ပြည်တွင်း ထာဝရငြိမ်းချမ်းရေးရရှိရေး၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးလို့ ဆိုပါတယ်။

ဒါကြောင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ဆောင်ရွက်နိုင်ရေးနဲ့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရာမှာ နယ်စပ်ဂိတ်နဲ့ လမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးအတွက် နယ်စပ်တည်ငြိမ်ရေးကို မဖြစ်မနေ ပူးပေါင်းလိုတယ်လို့ သမ္မတ ရှီကျင့်ဖျင်ကို ပြောကြားထားတာပါ။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးအရ အချက်အခြာကျတဲ့ မူဆယ်၊ မန္တလေး၊ ရန်ကုန်နဲ့ ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမယ့် စီမံကိန်းဖြစ်ပါတယ်။

စီမံကိန်းဖြတ်သန်းရာလမ်းကြောင်းတချို့ဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိနေတာကြောင့် တရုတ်နဲ့ နီးစပ်တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဖိအားပေးလာနိုင်တဲ့အပေါ် နွေဦးတော်လှန်ရေးက လက်နက်ကိုင်အဖွဲ့တွေကိုလည်း သက်‌ရောက်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို အကြောင်းပြုပြီး တရုတ်အစိုးရရဲ့ ဖိအားက မြောက်ပိုင်းအဖွဲ့တွေအတွက် ဘေးကျပ်နံကျပ် အနေအထားမျိုး ရှိလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို သုံးသပ်ပါတယ်။

“နယ်စပ်ဂိတ်တွေကို အကြောင်းပြပြီးတော့ တရုတ်ရဲ့ ဖိအားကို KIA ကချင်လွတ်မြောက်ရေးတပ်မတော်အပါအဝင် ကိုးကန့် TNLA တအာင်းတပ်တို့ကလည်း လွန်ဆန်ငြင်းပယ်နိုင်တဲ့ အနေအထားမျိုး မရှိလောက်တော့ဘူး။ ဘေးကျပ်နံကျပ်ဖြစ်သွားတဲ့ အနေအထားမျိုးလို့ ပြောလို့ရတယ်။ ပြီးရင် တဆက်တည်း ကျောက်ဖြူစီမံကိန်းပါနေတဲ့အတွက် ရခိုင် အာရက္ခတပ်တော်အတွက်လည်း သက်ရောက်မှုရှိလိမ့်မယ်။ကျောက်ဖြူမှာ သက်ရောက်မှု မရှိဘူးဆိုရင်တောင် မူဆယ် ၁၀၅ မိုင် မီးနဂါးဒေသမှာ အာရက္ခတပ်က တပ်စွဲပြီး ခြေကုပ်ယူထားရတာမျိုးတွေ ရှိတယ်။ အဲဒီတော့ မြောက်ပိုင်းအဖွဲ့တွေအပြင် အာရက္ခတပ်အပေါ်ပါ အနည်းငယ် သက်ရောက်မှုရှိနေပြီ။ တရုတ်ဘက်က ဖိအားကို ယူပြီး စစ်တပ်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် တစ်မျိုးတစ်ဖုံ ပြောင်းလဲပြီး ဆက်ဆံလာမယ့် အခင်းအကျင်းမျိုး မြင်ရတယ်လို့ ကျွန်တော်က ပြောချင်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။

သမ္မတ ရှီကျင့်ဖျင်က လက်ရှိ စစ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို တရုတ်နိုင်ငံအနေနဲ့ ထောက်ခံပြီး စာမျက်နှာသစ် ဖွင့်လှစ်တဲ့အခါ တိုင်းရင်းသားအချင်းချင်း သင့်မြတ်ရေး တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက လုပ်ဆောင်ရမယ်လို့ ပြောကြားထားတာပါ။

ဦးမင်းအောင်လှိုင်ကလည်း အစိုးရသစ်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ပြီး NCA လမ်းကြောင်းအတိုင်း ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ ရက် ၁၀၀ စီမံချက်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးအတွက် လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး လက်ရှိမှာ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ အဖွဲ့တွေသာ တွေ့ဆုံဆွေးနွေးနေတာပါ။

တစ်ဘက်မှာ မြန်မာနိုင်ငံဟာ အာဆီယံရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်ဖြစ်တာကို တရုတ်နိုင်ငံအနေနဲ့ ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လိုအပ်တာမှန်သမျှကို ကူညီပေးသွားမယ်လို့ သမ္မတ ရှီကျင့်ဖျင်က ပြောဆိုခဲ့ပါတယ်။

ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းပိုင်နက်နယ်မြေကို အသုံးပြုပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမယ့် ကိစ္စရပ်တွေ မဖြစ်ပေါ်စေရေး လုပ်ဆောင်သွားမယ်လို့ အာမခံခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရေး ငြိမ်းချမ်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ဟာ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေရဲ့ အကျိုးစီးပွားကို မူတည်ပြီး အခြေခံထားတဲ့ မူဝါဒလို့ ထောက်ပြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲဖြစ်ဖို့ အာဆီယံနိုင်ငံတွေက တွန်းအားပေးဖို့ လိုပြီး စစ်အုပ်စုနဲ့ စစ်အာဏာရှင်ရှိသရွှေ့ တည်ငြိမ်‌ရေးနဲ့ ငြိမ်းချမ်းရေး ရလာမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီမိုကရေစီ အပြောင်းအလဲဖြစ်ဖို့အတွက်ကို အာဆီယံနိုင်ငံတွေက တွန်းအားပေးဖို့ လိုတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးရဖို့အတွက်က ဝိုင်းပြီး ဆွေးနွေးအဖြေရှာရမှာဖြစ်ပြီးတော့ မင်းအောင်လှိုင်ကို Promote လုပ်ပြီး နိုင်ငံတကာဝင်ဆံ့ဖို့ လုပ်နေလို့ကတော့ မြန်မာပြည်မှာ ရေရှည်ငြိမ်းချမ်းရေးလည်း ဖြစ်မလာနိုင်သလို မင်းအောင်လှိုင်စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ရှိနေသေးသရွေ့တော့ ဘယ်တော့မှလည်း ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ဘယ်တော့မှလည်း တည်ငြိမ်မှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

တရုတ်အစိုးရအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား နယ်စပ်တည်ငြိမ်ရေးအကြောင်းပြချက်နဲ့ ကြားဝင်ညှိနှိုင်းမှုတွေ လုပ်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်လာခဲ့တာပါ။

တစ်ဘက်မှာ စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး တရုတ်အစိုးရရဲ့ ကျားကန်ပေးမှုကြောင့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီကနေ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဦးမင်းအောင်လှိုင်ကို ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းပြီး လျှို့ဝှက်မဲပေးမှုနဲ့ သမ္မတ ဖြစ်လာခဲ့တာပါ။

ဒီအပေါ် စစ်ခေါင်းဆောင်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ကြား ထားရှိတဲ့ သဘောတူညီမှုလို့ တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နေပြည်တော်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ထုတ်ပြောထားတာပါ။

လက်ရှိ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ပူးတွဲမြှင့်တင်ရေးနဲ့ အခြားသက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ ၁၈ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Justic for Myanmar ကတော့ တရုတ်နိုင်ငံဟာ မြန်မာစစ်အုပ်စုကို အဓိက စစ်လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ကြံရာပါ ပူးပေါင်းပါဝင်နေမှုတွေအပေါ် ပြင်းထန်စွာ ရှုတ်ချထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.