မော်လမြိုင် ၊ ဒီဇင်ဘာ ၃၁

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းပြီးတာနဲ့ လောင်းကစားဝိုင်းတွေကို ပြန်လည်ဖွင့် ခွင့်ပြုနေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်စစ်ကော်မရှင်ဟာ ပွင့်လင်းရာသီ မတိုင်ခင်ကတည်းက တရားဝင်သဖွယ် ခွင့်ပြုခဲ့တဲ့ လောင်းကစားဝိုင်းတွေကို ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ ရွေးကောက်ပွဲ အားလုံးပြီးတဲ့အထိ ယာယီပိတ်ခိုင်းထားတာပါ။

ဒါပေမယ့် မွန်ပြည်နယ် စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း ၁ ပြီးတဲ့ နောက်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာပဲ လောင်းကစားဝိုင်းတွေကို မြို့ပေါ် ရပ်ကွက်တွေအပါအဝင် နေရာအစုံမှာ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံတစ်ဦးက ပြည်နယ် စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ပြီးတာနဲ့ လောင်းကစားဝိုင်း တွေကို ခွင့်ပြုနေသလို အများသူငါ သွားလာတဲ့ မိန်းလမ်းတွေကအစ ပိတ်ပြစ်ပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပြုထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မနေ့ကပဲ ရွေးကောက်ပွဲပြီးတယ်။ လောင်းကစားဝိုင်းတွေ ပွဲတွေ ပြန်စနေပြီ။ သူတို့က ပြည်ခိုင်ဖြိုးက မဲနိုင်တော့ ပြည်ခိုင်ဖြိုးအစိုးရဆိုတော့ သူတို့လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ ပုံစံပေါ့။အခါတိုင်း ပွဲပေးရင် ဥပမာပေါ့ အများသူငါသွားတဲ့ လမ်းကြောင်းတွေ လမ်းကြောတွေက သူတို့ တစ်ဖက်က ဖွင့်ထားသေးတယ်။ အခုက မိန်းလမ်းမကြီးတောင်မှ ညနေ ၄ နာရီ ၅ နာရီဆို ပိတ်ပြစ်လိုက်တယ်။ ပျူစောထီးတွေက အာဏာပါဝါ ပြပြီးတော့ ဆိုင်ကယ်လည်း ဖြတ်လို့ မရတော့ဘူး။ ကားလည်း ဖြတ်လို့ မရတော့ဘူး။ လူပဲ လမ်းလျှောက်ပြီးဝင် အဲဒီအဆင့်ထိကို လွန်ကဲလာတာပေါ့”လို့ ဆိုပါတယ်။

လောင်းကစားဝိုင်းတွေကိုတော့ ရွေးကောက်ပွဲမှာ လုံခြုံရေးယူပေးတဲ့ ပြည်သူ့စစ်အဖွဲ့ ဒေသ ပျူစောထီတွေနဲ့ ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်တွေကပဲ ပြန်ပြီး လုံခြုံရေး ယူပေးထားတာ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ ပြည်နယ် စစ်ကော်မရှင်ဟာ လောင်းကစားဝိုင်းတွေကို ဘုရားပွဲ၊ ဆွမ်းကြီးလောင်းပွဲ၊ ကထိန်ပွဲ၊ ရာသီပွဲတော်တွေ အပြင် အကြောင်းအမျိုးမျိုး ပြပြီး ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေကအစ တရားဝင်သဖွယ် ခွင့်ပြုနေတာပါ။

လောင်းကစားဝိုင်းတွေဟာ တစ်ညကို ခုံတစ်ခုံလျှင် ကျပ် ၄၅၀၀၀၀ ဝန်းကျင် ပေးရပြီး ပွဲတစ်ပွဲမှာ အနည်းဆုံး ခုံ ၅၀ ဝန်းကျင်ရှိကာ လောင်းကစားဝိုင်းတွေက ကောက်ခံရရှိတဲ့ ငွေကြေးတွေကိုတော့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် အပြင် ဌာနဆိုင်ရာ အဆင့်ဆင့်က ရယူကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ပြည်နယ်စစ်ကော်မရှင်က လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြုထားတဲ့အတွက် ကျောင်းသားလူငယ်တွေကအစ အကျင့် စာရိတ္တ ပျက်ပြားတာတွေအပြင် ခိုးဆိုးလုယက်မှုတွေကလည်း မကြာခဏ ဆိုသလို ဖြစ်ပွား နေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.