တနင်္သာရီ၊ ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သဲဖြူကျေးရွာ ထုံကတဲလမ်းဆုံအနီးမှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၃ ထံကနေ သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ သဲဖြူကျေးရွာဘက်ကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အချိန်တစ်နာရီကျော် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၃ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲပြီးနောက် စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ နောက်ပြန်မဆုတ်ဘဲ သဖြူကျေးရွာအနီးမှာ ကင်းပုန်းချ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်၊ တပ်ရင်း (၃)၊ တပ်ခွဲ (၁/၂)၊ တပ်ရင်း (၂)၊ တပ်ခွဲ (၁)နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ တနင်္သာရီမြို့နယ် မောတောင်မြို့ကို လက်လွှတ်ဆုံးရှုံးထားတဲ့ စစ်ကော်မရှင်တပ်ဟာ မောတောင်မြို့ ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်စဉ်နဲ့အမျှ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TPDF(ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.