မြဝတီ၊ ဒီဇင်ဘာ ၃၀

မွန်ပြည်နယ် ရေးမြို့ သီရိခေမာရပ်ကွက် အမှတ် ၈ လမ်းမှာ မနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးခရိုင်ရဲတပ်ဖွဲ့ရုံးကနေ တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်းလာတဲ့ အသက် ၅၀ အရွယ် ရဲတပ်ကြပ်ကြီး ဘုန်းမြင့်ကို ရေးဘီလူးအဖွဲ့က ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာကြောင့် ရဲတပ်ကြပ်ကြီး ဘုန်းမြင့်ဟာ သေနတ်ဒဏ်ရာ ၄ ချက် ရရှိပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ရေးဘီလူးတပ်ဖွဲ့က ဒီပစ်ခတ်မှုအတွင်း ရဲတပ်ကြပ်ကြီး ဘုန်းမြင့်ထံကနေ သေနတ် တစ်လက်နဲ့ ရဲတပ်ဖွဲ့ အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရဲတပ်ကြပ်ကြီး ပစ်သတ်ခံရပြီးနောက် စစ်ကော်မရှင်ဘက်က အဖွဲ့ ၂၀ လောက်ခွဲပြီး မြို့တွင်းမြို့ပြင် ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ လင်းဦး ပြည်သူ့စစ်အဖွဲ့ရုံးနဲ့ စစ်ဆေးရေးဂိတ်တို့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာကနေ ပြည်သူ့စစ်အဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.