မြဝတီ၊ ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံတပ်သား လေးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

မြဝတီမြို့တောင်ဘက်က ဖလူးဒေသနဲ့ မင်းလက်ပံဒေသထဲကို စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံ တပ်သား ၄ ဦးဟာ အခုရက်ပိုင်းထဲမှာ KNU/KNLA ၊ ဗျူဟာအမှတ် ၃၂ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာခဲ့တာပါ။

အလင်းဝင်ရောက်လာသူတွေဟာ စစ်မှုထမ်းအပတ်စဉ် ၁၆ က တပ်သားတွေ ဖြစ်တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာမှာ စစ်ရှုံးပြီး အင်အားပြုန်းတီးလျက်ရှိတဲ့အတွက် အင်အာပြုန်းတီးလာတာနဲ့အမျှ အတင်းအဓမ္မပေါ်တာဆွဲ တပ်သားသစ်တွေစုဆောင်းနေတယ်လို့ ကျားသစ်နက်စစ်ကြောင်းက ဆိုပါတယ်။

လက်ရှိ မြဝတီတောင်ဘက် မင်းလက်ပံ ဖလူးဒေသ တိုက်ပွဲအတွင်း လက်နက်ချ အလင်းဝင်လာတဲ့ တပ်သားတွေဟာ စစ်ကော်မရှင်ရဲ့ တပ်မ ၂၂ လက်အောက်ခံ အမှတ် ၂၀၆ ခြေမြန်တပ်ရင်းက တပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံဒေသတွေကို ပြန်လည်ရယူနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို ရှေ့တန်းကနေ အသေခံခိုင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် ဒီကနေ့အချိန်အထိ အဲဒီဒေသကို ပြန်လည်မသိမ်းယူနိုင်သေးဘဲ အထိအခိုက်များစွာ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

မင်းလက်ပံ၊ ဖလူးဒေသတွေထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ကရင်နှစ်သစ်ကူးနေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ပြန်လည်ဖြစ်ပွားနေကာ တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထု ထောင်ချီဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေခဲ့ရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Black Panther Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.