သည်ဟေ့ဂ်၊ ဒီဇင်ဘာ ၁၀
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေ အတွက် ဆူဒန် လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC က ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။
အလီ မိုဟာမက် အလီ အဗဒူ အယ်လ် ရာမန်ဟာ ဒါဖာဒေသမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု စွဲချက် ၂၇ ချက်အတွက် ပြစ်မှုထင်ရှားကြောင်း အောက်တိုဘာလက စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အလီ ကူရှာယက်လို့ လူတွေသိထားကြတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဟာ လူရာပေါင်းများစွာ သေဆုံးခဲ့တဲ့ ဒါဖာဒေသကို အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ အစိုးရကျောထောက်နောက်ခံ ပေးထားတဲ့ ဂျန်ဂျာဝိဒ် အဖွဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။
အသက် ၇၆ နှစ် အရွယ် ကူရှာယက်ဟာ ဆူဒန် ပြည်တွင်းစစ်အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ICC က ပထမဆုံး ရုံးတင် စစ်ဆေးသူ ဖြစ်လာခဲ့ပါတယ်။
တရားသူကြီးချုပ် ဂျိုအန်နာ ကော်နာက ဒီဇင်ဘာ ၉ ရက်က သူ့အပေါ် အမိန့်ချမှတ်ချိန်မှာ ကူရှာယက်ဟာ တိတ်တဆိတ်ပဲ ရပ်နေခဲ့ပါတယ်။
ကူရှာယက်ဟာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ တိုက်ရိုက် အမိန့်ပေးခဲ့သလို စစ်ရာဇဝတ်မှု အချို့ကိုလည်း ကိုယ်တိုင် ကျူးလွန်ခဲ့တယ်လို့ တရားသူကြီး ကော်နာက တရားရုံးသို့ ပြောခဲ့ပါတယ်။
ဆူဒန်ပဋိပက္ခဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ကြာမြင့်ခဲ့ပြီး ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားရေး ဘေးအန္တရာယ်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါဖာဒေသရှိ အာရပ် မဟုတ်တဲ့ လူမျိုးတွေကို လူမျိုးအလိုက် ရှင်းလင်း သုတ်သင်တာ၊လူမျိုးတုန်း သတ်ဖြတ်တာဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။
အဲဒီ ပြဿနာ ပြီးဆုံးပြီး ၅ နှစ် အကြာမှာ ဒါဖာဒေသဟာ နောက်ထပ် ပြည်တွင်းစစ် အတွင်း အဓိက စစ်မြေပြင် ဖြစ်လာခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဆူဒန် စစ်တပ်နဲ့ ဂျန်ဂျာဝိဒ် အဖွဲ့က အမြစ်တွယ်လာခဲ့တဲ့ RSF လို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ကြား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ကူရှာယက်ကို ရုံးတင် စစ်ဆေးနေချိန်အတွင်း သူ့ရဲ့ လက်နက်ကိုင်တပ်က ရွာတွေကို မီးရှို့တာ၊ ယောကျ်ားလေးတွေနဲ့ အရွယ်ရောက်ပြီး အမျိုးသားတွေကို သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို လိင်ကျွန်တွေအဖြစ် ဖမ်းဆီးခဲ့တာတွေ အပါအဝင် သူ့အဖွဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့ပုံတွေကို အသက်ရှင်ကျန်သူတွေက ပြန်ပြောင်း ပြောဆိုခဲ့ကြပါတယ်။
အာရပ်မဟုတ်တဲ့ လူမျိုးစုတွေကို ရှင်းလင်း သုတ်သင်ပစ်ဖို့ ကူရှာယက်က စစ်သားတွေကို အမိန့်ပေးခဲ့ပြီး တစ်ယောက်မှ အရှင်မထားဘဲ ရှင်းလင်းပစ်ဖို့ ညွှန်ကြားခဲ့တယ်လို့ တရားသူကြီး ကော်နာက ပြောပါတယ်။
ကူရှာယက်အပေါ် စွဲတင်ခဲ့တဲ့ စွဲချက်တွေဟာ ၂၀၀၃ ခုနှစ်နဲ့၂၀၀၄ ခုနှစ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအပေါ် ဗဟိုပြုနေပါတယ်။
လူမည်း အာဖရိကန်မျိုးနွယ်စုတွေရဲ့ လက်နက်ကိုင် တော်လှန်မှုကို နှိမ်နှင်းဖို့ အဲဒီအချိန်က အာရပ်တွေ ကြီးစိုးထားတဲ့ အစိုးရက ဂျန်ဂျာဝိဒ်အဖွဲ့ကို လက်နက် တပ်ဆင်ပေးခဲ့ပြီးနောက် ဒါဖာ စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။
အာရပ်မဟုတ်တဲ့ လူမျိုးစုတွေက တော်လှန်ရေး လက်နက်ကိုင်တွေကို ထောက်ပံ့တယ်လို့ ဂျန်ဂျာဝိဒ် အဖွဲ့က စွပ်စွဲပြီး ရွာလုံးကျွတ် သုတ်သင် ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို အကြမ်းဖက် တိုက်ခိုက်မှုတွေကို လက်ရှိ ဖြစ်ပွားနေတဲ့ ဆူဒန် ပြည်တွင်းစစ် အတွင်းမှာလည်း ဆက်လက်မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
ဂျာဂျာဝိဒ် တိုက်ခိုက်ရေးသမားတွေ အများကြီးဟာ ဆူဒန် စစ်တပ်ကို တိုက်ခိုက်နေတဲ့ RSF အဖွဲ့ထဲ ဝင်ရောက်သွားခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်က စတင်ခဲ့တဲ့ ပဋိပက္ခအတွင်း RSF ဟာ ဒါဖာဒေသရှိ အာရပ် မဟုတ်တဲ့ လူမျိုးစုတွေကို လူမျိုးရေး ရှင်းလင်းဖို့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဗြိတိန်နဲ့ အမေရိကန်က စွပ်စွဲထားပေမယ့် RSF က ပယ်ချထားပါတယ်။
Ref:BBC

