မော်လမြိုင် ၊ နိုဝင်ဘာ ၂၃
မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားပေမယ့် လာရောက် ကြည့်ရှုသူ မရှိတာကြောင့် အသံချဲစက်တွေနဲ့ လိုက် လံနှိုးဆော်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို ပထမအကြိမ် ၂၁ ရက်ကြာ ကပ်ထား ကြေညာပြီး ဖြစ်ရာ မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့အတွက် ဒုတိယအကြိမ် ထပ်ကပ်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒုတိယအကြိမ် မဲစာရင်းတွေကိုတော့ နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့ထိ ၁၄ ရက်ကြာ ကပ်ထားမှာ ဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ တွေမှာ ကြည့်ရှုနိုင်သလို အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ ကပ်ထားနိုင်ခြင်း မရှိပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်း ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။
ဒေသခံ တစ်ဦးကတော့ ကော်မရှင်က ဒုတိယအကြိမ် မဲစာရင်း ကပ်ထားပေမယ့် ဘယ်သူမှ မဲစာရင်း လာမကြည့် ကြသလို မဲစာရင်း ပြင်ဖို့ မပြောနဲ့ မဲစာရင်းမှာ နာမည် ပါမပါတောင် စိတ်မဝင်စား ကြဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မဲစာရင်းတော့ ရွာတွေမှာတော့ သူတို့ ကပ်တာပေါ့။ ကပ်တယ်ဆိုပေမယ့် မဲစာရင်း ကြည့်ရှုတဲ့လူ မရှိပါဘူး။ ကျွန်တော်မှာ အဲဒီနားက ဖြတ်ဖြတ် ပြီးတော့ ကျွန်တော် သွားကြည့်တယ်။ ဘယ်သူမှ လာကြည့်တာ မတွေ့ဘူး။ မဲစာရင်း သွားမစစ်ကြဘူး။ လူတွေကတော့ လှည့်ကို မကြည့်တာ မဲစာရင်းမှားလို့ ပြင်ဖို့ကတော့ ဝေးရော။ သူတို့ နာမည် ပါမပါတောင် သွားမကြည့်ဘူး။ တချို့ကတော့ ဘယ်လို ပြောလည်းဆို သွားမကြည့်ဘူးဟေ့တဲ့။ မပါလေ ကောင်းလေပဲ။ မပါလို့ ရှိရင် တို့က ထီပေါက်တာပေါ့တဲ့။ အဲဒီလိုတောင် ပြောကြတယ်”လို့ ဆိုပါတယ်။
မဲစာရင်း လာရောက် ကြည့်ရှုသူ မရှိတဲ့ အတွက် စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ အသံချဲ့စက်တွေနဲ့ မဲစာရင်း ပေးဖို့ နှိုးဆော်တာ၊ တစ်အိမ် တက်ဆင်း မဲစာရင်း ကြည့်ဖို့ လိုက်လံ ပြောကြားတာအပြင် ဖိအားပေး ကြည့်ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကော်မရှင် ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲစာရင်း ကြည့်ရှုပြီး မိမိအမည် မဲစာရင်းမှာ မပါဝင်ပါက ပုံစံ (၃)နဲ့ အမည် ထည့်သွင်းပေးဖို့ တောင်းဆို နိုင်သလို မပါဝင်သင့်သူ ပါဝင်နေပါက ပုံစံ (၄)နဲ့ ကန့်ကွက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မဲစာရင်းပါ အချက်အလက်တွေ မှားယွင်း နေပါက ပုံစံ (၄-ဂ)နဲ့ ပြင်ဆင်လွှာ တင်သွင်းနိုင်ပြီး လိုအပ်တဲ့ ပုံစံတွေကို ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲ ရုံးတွေမှာ အခမဲ့ ထုတ်ယူနိုင်ကာ ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပြီးပါက ဒီဇင်ဘာလအတွင်း တတိယအကြိမ် မဲစာရင်း ကပ်ထားပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေကတော့ စစ်ကော်မရှင်ရဲ့ မဲစာရင်းဟာဆိုရင် ပထမအကြိမ် ကပ်ထားကြေညာတုန်းက သေဆုံးသူတွေ ပါဝင်တာ၊ လူတစ်ဦးထဲ လေးငါး နေရာ ပါဝင်တာ၊ ရွှေ့ပြောင်းသွားသူတွေ ပါဝင်တာ၊ အချက်အလက် မှန်ကန်မှုမရှိတာအပြင် တချို့တွေ ဆိုရင် နာမည် လုံးဝ မပါတာတွေကအစ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်ရဲ့ မဲစာရင်းတွေဟာ အရင် ၂၀၂၀ ခုနှစ် မဲစာရင်းထက်တောင် အမှားများ နေသလို လက်ရှိ ဒုတိယ အကြိမ် ကပ်ထားပေမယ့် မဲစာရင်း အမှားတွေကို ပြည်သူတွေက စိတ်ဝင်စားမှု မရှိတာကြောင့် သွားရောက် ကြည့်ရှု ပြင်ဆင်တာ မရှိဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

