မြဝတီ၊နိုဝင်ဘာ ၂၃

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲကြောင့် ဒေသခံ ရာချီ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိလာတယ်လို့ ထိုင်းနယ်မြေတာဝန်ရှိသူတွေရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြဝတီမြို့နယ် မင်းလက်ပံရွာထဲကို နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကော်မရှင်တပ်စစ်ကြောင်းက စစ်ရေးဝင်ရောက်လှုပ်ရှားခဲ့ရာ KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုအဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာပါ။

တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းလက်ပံရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေရပ်မတိမ်းရှောင်ရသေးတဲ့ ဒေသခံရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အခြားဒေသခံရွာသူရွာသားတွေလည်း ဘေးလွတ်ရာနေရာနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်က ဆိုပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာဘက်ခြမ်းကို လက်နက်ကျည်ဆံတွေ ကျရောက်ခဲ့တာရှိသလို စစ်ဘေးရှောင်ဦးရေ ၁၀၀ ထက်မနည်း ရောက်ရှိလာတယ်လို့ ထိုင်းနယ်မြေတာဝန်ရှိသူတွေဘက်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်က မင်းလက်ပံရွာထဲကို ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ညနေပိုင်းအရောက်မှာတော့ စစ်ကော်မရှင်တပ်က ထိခိုက်မှုများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရပြီး နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာလည်း ထပ်မံပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မင်းလက်ပံရွာကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA စိုးမိုးထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီကျေးရွာအတွင်းမှာ ကျားဖြန့် အွန်လိုင်းလောင်းကစားလိမ်လည်မှု လုပ်ငန်းတွေလည်း တည်ရှိနေတာပါ။

စစ်ရေးအရအရေးပါပြီး ဗျူဟာကျတဲ့ မြဝတီမြို့ တောင်ဘက်က လေးကေကော်မြို့သစ်နဲ့ အမြောက်ကုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီကနေတစ်ဆင့် မြဝတီ-ဝေါ်လေ ကားလမ်းမကြီးတစ်လျှောက်ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးဝင်ရောက်လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.