ပုလော၊ နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်း ပုလောမြို့ အမှတ် ၃ ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ လူနေထိုင်မှုမရှိတဲ့ ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးဇာနည်အောင် နေအိမ်နဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို လက်နက် ကိုင်အဖွဲ့တစ်ခုက လာရောက်မီးရှို့သွားတာ ဖြစ်ပါတယ်။

မီးရှို့ခံရတာကြောင့် ဦးဇာနည်အောင်နေအိမ်နဲ့ အုပ်ချူပ်ရေးမှူးရုံး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ပြီး တစ်နာရီကျော်အကြာမှသာ မီးသတ်နဲ့ရဲတပ်ဖွဲ့က လာရောက်ငြိမ်းသက်သွားတယ်လို့ ဆိုပါတယ်။

နေအိမ် မီးရှို့ခံရတဲ့ ဦးဇာနည်အောင်ဟာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေး ကောက်ပွဲမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

ပုလောမြို့ဟာ အာဏာသိမ်းကာလအတွင်း မြို့ပေါ်ရပ်ကွက်တချို့ကိုသာ စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားတာ ဖြစ်ပြီး ကျေးရွာတွေကိုတော့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ပုလောမြို့ အမှတ် ၄ ရပ်ကွက်မှာ စစ်ကော်မရှင်ခန့် အုပ် ချုပ်ရေးမှူးနဲ့ စစ်ကော်မရှင်တပ်သား တစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.