မော်လမြိုင် ၊ နိုဝင်ဘာ ၂၃

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ကာလမှာ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို မိတ်ဘက်နိုင်ငံတချို့ကလွဲရင် နိုင်ငံတကာအပါအဝင် မြန်မာပြည်သူ အများစုက အတုအယောင်အဖြစ် ရှုမြင်နေကြချိန်မှာ ကြိုတင်မဲ သောင်းချီ ရရှိထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

အပိုင်း ၁ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၃၀ ကျော်သာကျန်ရှိတော့တဲ့အချိန်မှာ လူထုစိတ်ဝင်စားမှု မရှိပေမယ့် စစ်ကော်မရှင် အုပ်ချုပ်ရေးယန္တရားအောက်မှာရှိတဲ့တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဆီက ကြိုတင်မဲ ၂၈၃၀၀ ကျော် ရရှိထားတာပါ။

စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေရဲ့ဖော်ပြချက်အရ သတ်မှတ်ကာလအ တွင်း လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း၂၈၃၃၉ ဦးရှိတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ်အသီးသီးရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက မဲပေးပိုင်ခွင့်ရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေက သက်ဆိုင်ရာရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်မဲတွေလာရောက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်သူတစ်ဦးကတော့ အဲဒီရွေးကောက်ပွဲကို လူထုရဲ့ ရင်ထဲမှာ အတုအယောင်လို့သာခံယူထားတဲ့အတွက် ဖိအားကြောင့် မလွန်ဆန်နိုင်တာမို့ ပေးရတာလို့ သူ့အမြင်ကို ပြောပါတယ်။

“အားလုံးရင်ထဲမှာ အတုအယောင်လို့ပဲ လူတွေ တော်တော်များများ ခံယူထားတာလေ။ကိုယ့်ရင်ထဲကအသိစိတ်ဓာတ်နဲ့ ပေးရမယ်ဆိုတဲ့ အသိက ၁၀၀ မှာ ၈၀ ရာခိုင်နှုန်း မရှိဘူး။အခုနလို ဖိအားတွေနဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပေးကိုပေးရမယ်ဆိုတဲ့ဟာကို မလွန်ဆန်နိုင်ဘဲ ပေးရတဲ့အခါကျတော့ဘယ်သူမှ ရင်ထဲက မပါပါဘူး၊ အကုန်အတုအယောင်တွေပဲပေါ့”လို့ ဆိုပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေ နည်းဥပဒေတွေကိုအသုံးချပြီး တက္က သိုလ် ကျောင်းသားကျောင်းသူတွေဆီက ကြိုတင်ဆန္ဒမဲတွေ ရရှိဖို့ နိုဝင်ဘာ၈ ရက်နေ့မှာ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်အရ ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ ကျောင်းသား၊ကျောင်းသူတွေဟာ မဲဆန္ဒ နယ်ပြင်ပသို့ သွားရောက်ပြီး ကျောင်းတက်ကြမှာဖြစ်လို့ ဒီဇင်ဘာ ၂၈ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်သူတွေ ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ ဖော်ပြထားတာပါ။

တစ်ဘက်မှာ ကျောင်းသား၊ကျောင်းသူတွေ ကျောင်းမအပ်ခင် မိမိမဲစာရင်းပါရှိတဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးတွေမှာ မဲပေးခဲ့ကြဖို့ တက္ကသိုလ် ဒီဂရီကော်လိပ်တချို့ကFacebook စာမျက်နှာကနေ နှိုးဆော်ခဲ့ပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်ကလည်း ကျောင်းသားကျောင်းသူတွေကို ကျောင်းအပ်တဲ့အခါ မဲပေးခဲ့ကြောင်း အထောက်အထားနဲ့အတူ ယူဆောင်လာဖို့ အီးမေးလ်ကနေ အကြောင်းကြားစာပေးပို့ခဲ့တာပါ။

စစ်ကော်မရှင်ခန့် ပြည်‌ထောင်စုရွေး‌ကောက်ပွဲရှင်ကတော့ တက္ကသိုလ်တွေဘက်ကိုကျောင်းသားကျောင်းသူတွေ ကျောင်းအပ်တဲ့အခါ ကြိုတင်မဲပေးထားတဲ့ အထောက်အထားယူဆောင်လာရမယ်လို့ညွန်ကြားထားခြင်း မရှိကြောင်း ငြင်းဆိုထားတာပါ။

ဒီအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်တွေမှာ မဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးဖို့ သက်ဆိုင်ရာ ဒေသအလိုက် စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရဲ့ဖိအားပေးခံရမှာကို တွေးပူနေကြတာလည်း ရှိနေပြန်ပါတယ်။

“ဖိအားပေးခံရမယ့် အခြေအနေက ကြုံရင်ကြုံမှာပေါ့။ မကြုံလို့ ရမလားကြုံနေမှာပဲ။ သူတို့လည်း (စကမ) အဲဒီအတွက် ပြင်ဆင်နေကြတယ်။ ဆိုတော့ ဖိအားပေးကြုံလာတဲ့အခါကျရင်နီးရာဓားကို ကြောက်နေရတဲ့အတွက် ဒီလိုပဲ သွားပြီးတော့ (ဆန္ဒမဲ) ပေးရမှာပဲ”လို့ ပြည်သူတစ်ဦးကပြောပါတယ်။

အထွေထွေရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းကျင်းပဖို့ စစ်ကော်မရှင်စီစဉ်ထားပြီး အပိုင်း ၁ မှာ ၁၀၂ မြို့နယ်၊ အပိုင်း ၂ ကို မြို့နယ် ၁၀၀ နဲ့ အပိုင်း၃ ကိုတော့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ၅၆ မြို့နယ်ကလွဲရင် ဆက်လက်ကျင်းပဖို့ ရှိနေတာပါ။

ပြည်သူအများစုက အာဏာသိမ်း စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှု ရှိမှာမဟုတ်သလို အယုံအကြည်လည်း မရှိတဲ့အတွက် ဆန္ဒမဲပေးကြမှာ မဟုတ်ဘူးလို့ ထုတ်ပြောထားကြပါတယ်။

စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲပျက်ပြားအောင် နှောင့်ယှက်ဟန့်တားတာနဲ့ စည်းရုံးလှုံ့ဆော် ဟောပြောသူတွေကို အွန်လိုင်းရော မြေပြင်မှာပါ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူထားသူ အယောက် ၁၀၀ ကျော်အထိ ရှိနေတာပါ။

လက်ရှိမှာ မဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ဒုတိယအကြိမ် ကပ်ထားပေးပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.